စက်သုံးဆီ ဝယ်မရ၍ ဆိုင်ကယ်ဈေးသည်များ အခက်အခဲဖြစ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 14, 2026

စက်သုံးဆီ ဝယ်မရ၍ ဆိုင်ကယ်ဈေးသည်များ အခက်အခဲဖြစ်

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်

.

တောင်ကြီးမြို့ပေါ်တွင် တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက် ရောင်းချနေသည့် ဆိုင်ကယ်ဈေးသည် အများစုမှာ စက်သုံးဆီ ခွဲတမ်း ဝယ်ယူ၍မရသဖြင့် အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း သိရသည်။

.

.

ယင်းကဲ့သို့ တစ်နိုင်တစ်ပိုင် ဈေးရောင်းချသူ အများစုမှာ လိုင်စင်ရှိ မော်တော်ဆိုင်ကယ်များကို ဝယ်ယူနိုင်ခြင်း မရှိသဖြင့် စက်သုံးဆီ ဝယ်ယူခွင့်မရဘဲ ပြင်ပတွင် ဈေးကြီးပေး ဝယ်ယူနေရပြီး မိသားစု စားဝတ်နေရေး ရပ်တည်ရန်ပင် ခက်ခဲလာနေကြကြောင်း သိရသည်။

.

“အိမ်မှာက ကျောင်းတက်တဲ့ကလေး ၂ ယောက်ရှိတယ်။ မိသားစု စားဝတ်နေရေးအတွက် ဟင်းရွက်စုံ လိုက် ရောင်းတာပေါ့။ အခုရှိတဲ့ဆိုင်ကယ်တောင် မနည်းစုဆောင်းပြီး ဝယ်ထားရတာ။ လိုင်စင်နဲ့က ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ။ ဆီမရတော့ စားဝတ်နေရေးအပြင် ကျောင်းစရိတ်ပါ ခက်လာတာပေါ့” ဟု ဈေးသည်တစ်ဦးက ကမ္ဘောဇတိုင်းသို့ပြောသည်။

.

ထို့အပြင် တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အများစုမှာ မိသားစု စားဝတ်နေရေး၊ လူမှုရေး ကိစ္စများအပြင် ကလေးများ၏ ကျောင်းကြို/ကျောင်းပို့ ကိစ္စများအတွက်လည်း မော်တော်ဆိုင်ကယ်များကို အဓိကအားထား အသုံးပြုနေရပြီး စက်သုံးဆီ ဝယ်ယူရန် အခက်အခဲကြောင့် အခြား လူမှုစီးပွား ဒုက္ခများကို ပါ ခံစားနေရသည်ဟု သိရသည်။

.

“ညနေပိုင်းဆိုရင် ဆီလိုက်ရှာရတာပေါ့။ ဆီရှိတဲ့လူက နည်းနည်းလောက်ခွဲရောင်းပေးရင် ရတဲ့ဆီနဲ့ ဈေး လိုက်ရောင်းရတာပါ။ အစိုးရက မရောင်းပေးနိုင်ရင် ရောင်းပေးတဲ့လူကို ကျေးဇူးတင်နေရတယ်” ဟု အခြား ဈေးသည်တစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

တောင်ကြီးမြို့ပေါ်တွင် ကုန်စိမ်းဈေးသည်များအပြင် မော်တော်ဆိုင်ကယ်အသုံးပြုကာ မိသားစု စားဝတ် နေရေး ဖြေရှင်းနေသည့် အိမ်ထောင်စု အများအပြား ရှိနေပြီး သက်ဆိုင်ရာအနေဖြင့် စက်သုံးဆီ အကြပ်အတည်းအား နည်းလမ်းရှာဖွေ ဖြေရှင်းပေးစေလိုကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

No comments:

Post a Comment

Pages