.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်
.
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့်
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ၂၅ ရာခိုင်နှုန်း နီးပါး မြင့်တက်လာပြီး ယခုဘဏ္ဍာနှစ်
စီးပွားရေးတိုးတက်မှု ၂ ရာခိုင်နှုန်းသာရှိမည်ဟု ခန့်မှန်းကြောင်း ကမ္ဘာ့ဘဏ်က
ယမန်နေ့ ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
.
.တရားဝင် ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများအရ
မြန်မာနိုင်ငံသည် စက်သုံးဆီ ၉၀ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်ပြီး
ဖေဖော်ဝါရီလ ၂၈ ရက်က စတင်ခဲ့သည့် အမေရိကန်-အီရန် စစ်ပွဲကြောင့် ဟောမုဇ် ရေလက်ကြား
ပိတ်ဆို့မှုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
.
ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး
စောင့်ကြည့်အစီရင်ခံစာအရ ပြီးခဲ့သည့်နှစ် ဧပြီလနှင့် နှိုင်းယှဉ်ပါက ယခုနှစ်
ဧပြီလအတွင်း ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၄ ဒသမ ၆ ရာခိုင်နှုန်းအထိ
မြင့်တက်သွားခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် စီးပွားရေး တိုးတက်မှုနှုန်း
ခန့်မှန်းချက်ကို ယခင် ၃ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့
လျှော့ချသတ်မှတ်ခဲ့သည်ဟု သိရသည်။
.
မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် ၂၀၂၅
နှစ်ကုန်ပိုင်းနှင့် ၂၀၂၆ နှစ်စပိုင်းတွင် အနည်းငယ် တိုးတက် လာခဲ့သော်လည်း
ထုတ်လုပ်မှု၊ ရောင်းအားနှင့် အမြတ်အစွန်းမှာ ၂၀၂၁ ခုနှစ် မတိုင်မီနှင့် ၂၀၂၅
ခုနှစ် မြေငလျင် မတိုင်မီ ကာလများထက် များစွာနည်းပါးနေဆဲဖြစ်ပြီး လျှပ်စစ်ဓါတ်အား
လိုအပ်ချက်နှင့် မူဝါဒ ပိုင်းဆိုင်ရာ ကန့်သတ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သည်ဟု
ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
.
လောင်စာဆီ အကြပ်အတည်းသည် လက်ရှိစီးပွားရေးဖိအားကို
ပိုမိုတိုးပွားစေခဲ့ပြီး လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်းကြောင့်
ကုန်စည်ကူးသန်းရောင်းဝယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာကာ
ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုစရိတ်များ မြင့်တက်လာသလို လောင်စာဆီ
တင်သွင်းခြင်းအတွက် နိုင်ငံခြားငွေ လိုအပ်ချက်ကိုလည်း မြင့်တက်စေခဲ့ကြောင်း
အစီရင်ခံစာတွင် ဖော်ပြထားသည်။
.
“စီးပွားရေးအခြေအနေတွေ တည်ငြိမ်လာတဲ့
လက္ခဏာအချို့ရှိသော်လည်း မြန်မာ့စီးပွားရေးက အလွန် ကြီးမားတဲ့ ဖိအားတွေအောက်မှာ
ရှိနေဆဲဖြစ်တယ်။ မကြာသေးမီက ဖြစ်ပွားတဲ့ အခက်အခဲတွေက စနစ် ဖွဲ့စည်းပုံဆိုင်ရာ
အားနည်းချက်တွေကို ပိုမိုထင်ရှားစေပြီး လုပ်ငန်းပတ်ဝန်းကျင်
တိုးတက်ကောင်းမွန်လာမှု မရှိရင် ပြန်လည်ထူထောင်မှုမှာ မတည်မငြိမ်ဖြစ်နေမယ်” ဟု ကမ္ဘာ့ဘဏ်၏
ထိုင်းနှင့် မြန်မာနိုင်ငံ ဒေသ ဆိုင်ရာညွှန်ကြားရေးမှူး မယ်လင်ဒါဂွတ်ဒ်က ပြောဆိုခဲ့သည်။
.
ထို့အပြင် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများသည်
မသေချာ မရေရာမှုများ၊ စိန်ခေါ်မှုများနှင့် ပြည့်နှက်နေပြီး အုပ်ချုပ်ရေးဆိုင်ရာ
အခက်အခဲနှင့် မူဝါဒ အကောင်အထည်ဖော်မှုများတွင် မညီမျှခြင်းကို ရင်ဆိုင်နေရသည့်
အတွက် ကုမ္ပဏီအများစု အနေဖြင့် တိုးတက်မှုထက် ဆက်လက်ရှင်သန် တည်မြဲရေးကို အဓိက
အာရုံစိုက် နေကြရပြီး အလုပ်အကိုင် ဖန်တီးမှုနှင့် ဝင်ငွေ
ပြန်လည်တိုးတက်နိုင်မှုကိုလည်း အားနည်းစေသည်ဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.

No comments:
Post a Comment