မြန်မာနဲ့ ထိုင်းအမျိုးသမီးအသင်း တစ်ဂိုးစီ သရေ ကျပြီး ထိုင်းအသင်း ချန်ပီယံ ဖြစ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 9, 2026

မြန်မာနဲ့ ထိုင်းအမျိုးသမီးအသင်း တစ်ဂိုးစီ သရေ ကျပြီး ထိုင်းအသင်း ချန်ပီယံ ဖြစ်


၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်

.
AYA Tri-Nations Cup 2026 အမျိုးသမီး (၃)နိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲမှာတော့ မြန်မာအသင်းက ထိုင်းအသင်းကို အနိုင် မကစားနိုင်ခဲ့ဘဲ ၁-၁ နဲ့ သရေ ကျခဲ့တာကြောင့် ထိုင်းအသင်းက ဒီပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်သွားခဲ့ရပါတယ်။
.
ပထမပွဲစဉ်မှာ ဥဇဘက်ကို ရှုံးထားတဲ့ မြန်မာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ အပြောင်းအလဲတွေ လုပ်ထားခဲ့ပြီး တိုက်စစ်မှာ မေထက်လူ၊ ခင်မာလာထွန်း၊ လဲ့လဲ့ဦး တို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာ နော်ထက်ထက်ဝေ၊ စန်းစန်းသော်၊ စုစုကြည်၊ ဖြူဖြူဝင်း တို့ ကစားခဲ့ကြတာပါ။ ခံစစ်မှာတော့ မေသက်မွန်မြင့်၊ ဖြူဖွေးနဲ့ ဇွန်ယုယဦး တို့ ကစားခဲ့ကြပါတယ်။
.
ပွဲချိန် ပထမပိုင်း စပြီ ဆိုတာနဲ့ နှစ်သင်းစလုံးက အပြန်အလှန် လူချနေကြတာ တွေ့ရပြီး အဝါကတ်တွေ ပလူ ပျံနေခဲ့တာပါ။ မြန်မာအမျိုးသမီး အသင်းရဲ့ ဖိုက်တာ ဖြစ်တဲ့ နော်ထက်ထက်ဝေက ဒီပွဲမှာလည်း ဖိုက်တာလို ကစားနေခဲ့ပြီး ပထမပိုင်းမှာတင် အဝါကတ် ထိသွားခဲ့လို့ သတိထားပြီး ကစားနေခဲ့ရတာပါ။
.
ထိုင်းမလေးတွေကလည်း ဖိတ်ခေါ်ပွဲ လာကစားနေတယ် ဆိုတာကိုတောင် မေ့နေပုံ ရပါတယ်။ မြန်မာ ကစားသမားနဲ့ ယှဉ်ပြီး ခေါင်းခုန် တိုက်လိုက်တိုင်း မြန်မာဖက်က ခွေကနဲ လဲကျနေအောင် တချိန်လုံး ဖိတိုက်နေခဲ့လို့ ပြစ်ဒဏ်ဘောတွေချည်း ဖြစ်နေခဲ့တာပါ။
.
ဒီနေရာမှာ မြန်မာအသင်းရဲ့ တိုက်စစ်အကြောင်းကို တချက်လောက် ပြောရဖို့ ရှိပြီး ပွဲချိန် ပထမပိုင်း တစ်ပိုင်းလုံးမှာ ဂိုး ကန်သွင်းခွင့် မယ်မယ်ရရ မရှိခဲ့တဲ့ မြန်မာအသင်းရဲ့တိုက်စစ်က ဘာပြောရမှန်းကို မသိလောက်အောင်ပါပဲ။
.
ပွဲချိန် ဒုတိယပိုင်းမှာတော့ မြန်မာအသင်း ညာခြမ်းမှာ ရူပါခိုင် ဝင်ကစားခဲ့ပြီး တိုက်စစ်လည်း ပို သွက်လာခဲ့ပါတယ်။ ပွဲချိန် မိနစ် ၅၀ မှာတော့ ရူပါခိုင်ရဲ့ ညာခြမ်းက ဖြတ်တင် ပေးပို့မှုကို မေထက်လူက ခေါင်းတိုက်ပြီး မြန်မာအသင်းအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့တာပါ။ ဒီဂိုးက ဒီပွဲစဉ် တစ်ပွဲလုံးမှာ မေထက်လူရဲ့ တစ်ကြိမ်တည်းသော ဂိုးသွင်းခွင့် ဖြစ်ပြီး အဲဒီ ဂိုးသာ မရခဲ့ဘူးဆိုရင် မေထက်လူက ဒီပွဲရဲ့ လူပိုကြီးလို့ သေချာပေါက် အပြောခံရမယ့် အနေအထားပါ။
.
ဒါပေမယ့်လည်း မြန်မာပရိသတ်တွေက ၄ မိနစ်သာ ပျော်ခဲ့ရပြီး ပွဲချိန် ၅၄ မိနစ်မှာ မြန်မာ နောက်တန်း အမှားကနေ တစ်ဆင့် ထိုင်းက ချေပဂိုး ရသွားခဲ့တာပါ။ ပွဲချိန် ၆၁ မိနစ်မှာ အသင်းခေါင်းဆောင် ခင်မာလာထွန်း နေရာမှာ ဝင်းဝင်း ဝင်ရောက်လာပြီး တိုက်စစ်ကို ပိုပြီး အားဖြည့်ခဲ့တာပါ။ ပွဲချိန် ၇၅ မိနစ်မှာ မေသက်မွန်မြင့်ရဲ့ ဂိုးဧရိယာ အပြင်က ကန်ချက် တော်တော်လေး ကောင်းခဲ့ပေမယ့် ဂိုးပေါက်နဲ့ နည်းနည်းလေး လွဲသွားခဲ့ရတာပါ။
ပွဲချိန် ၈၉ မိနစ်မှာ ရူပါခိုင်က ထိုင်း ဂိုးသမားနဲ့ တစ်ယောက်ချင်း တွေ့ခွင့်ရတဲ့ အခွင့်အရေးကို ရခဲ့ပေမယ့် မိုးပေါ် ထောင်ကန်ခဲ့တာမို့ မြန်မာအသင်း ချန်ပီယံဆုနဲ့ လွဲသွားခဲ့တာလို့ပဲ ပြောရမှာပါ။ ပွဲပြီးခါနီး အချိန်ပိုမှာလည်း မြန်မာအမျိုးသမီးအသင်းက မန်စီးတီးလို ဆော့သွားခဲ့ပေမယ့် အပိုင် အခွင့်အရေး တချို့ ထပ် လွဲသွားခဲ့တာကြောင့် ချန်ပီယံ ဖြစ်ခွင့်နဲ့ လွဲချော်သွားခဲ့ရတာပါပဲ။
.
ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး မြန်မာအမျိုးသမီးအသင်းအတွက် သုံးသပ်ပေးရရင်တော့ ဥဇဘက်ပွဲမှာလည်း ပထမပိုင်း ကစားပုံ မကောင်းဘူး။ ဒုတိယပိုင်းမှာ တော်တော်လေး ကောင်းတယ်။ ထိုင်းနဲ့ ပွဲမှာလည်း အတူတူပဲ။ ပထမပိုင်းမှာ ကစားတာ မကောင်းဘဲ ဒုတိယပိုင်းကျတော့ ကစားတာ ရှယ် ကောင်းနေပြန်ရော။ ဒီတော့ မြန်မာအမျိုးသမီးအတွက် ဒုတိယပိုင်း သီးသန့် ကစားရမယ့် ပြိုင်ပွဲလေးများ သီးသန့် စီစဉ်ပေးနိုင်ရင်တော့ မြန်မာပရိသတ်တွေ သေချာပေါက် ပျော်ရဖို့ ရှိနိုင်မယ် ဆိုတာပါပဲ။

.

#KBZTai #Shan #MyanmarWomenFootball #Sports

No comments:

Post a Comment

Pages