အမေရိကန်ရဟတ်ယာဉ် ပစ်ချခံရပြီးတဲ့နောက် အီရန်-အမေရိကန်တိုက်ပွဲတွေ ပြန်စ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, June 10, 2026

အမေရိကန်ရဟတ်ယာဉ် ပစ်ချခံရပြီးတဲ့နောက် အီရန်-အမေရိကန်တိုက်ပွဲတွေ ပြန်စ



၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်
.
ဟောမုဇ်ရေလက်ကြားမှာ အမေရိကန်ရဲ့ အပါချီရဟတ်ယာဉ် တစ်စီး ကို အီရန်ဖက်က ပစ်ချလိုက်ပြီးတဲ့နောက် နှစ်နိုင်ငံအကြား အပစ်ရပ်စာချုပ်က အလကား ဖြစ်သွားပြီး အမေရိကန်ဖက်က တိုက်ခိုက်မှုတွေ ပြန် လုပ်နေပါပြီ။ အီရန်နိုင်ငံထဲက ကီရှန်ကျွန်း၊ ဆီရစ်၊ ဂျက်ရှ်နဲ့ ဘန်ဒါအဘက်စ် ဒေသတွေမှာ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပေါက်ကွဲမှုတွေ ဖြစ်ပွားနေတာကိုလည်း တွေ့ခဲ့ရပါတယ်။
.
အမေရိကန်ရဲ့ ထုတ်ပြန်ချက်အရ တိုက်ခိုက်မှုတွေကို ဇွန်လ ၉ ရက် မနက်ပိုင်းမှာ စတင်ခဲ့တာ ဖြစ်ပြီး အီရန်ရဲ့ အကြောင်းမဲ့ ရန်လိုမှုအပေါ် တုံ့ပြန်တာ ဖြစ်တယ်လို့ ဖော်ပြထားတာပါ။ အီရန်ဖက်ကလည်း ဒီ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်မယ်လို့ သတိပေးထားတာကြောင့် တိုက်ပွဲတွေ ဆက်တိုက် ဖြစ်လာဦးမယ့်ပုံလည်း ရှိနေပါတယ်။
.
အီရန်နိုင်ငံပိုင် IRIB ရုပ်သံရဲ့ဖော်ပြချက်အရတော့ အမေရိကန်ရဲ့ ပထမလှိုင်း တိုက်ခိုက်မှုအတွင်း ဟောမုဇ် ရေလက်ကြားမှာ ရှိတဲ့ ကီရှန်ကျွန်းနဲ့ ဆီရစ်၊ ဂျက်ရှ်ဆိပ်ကမ်းမြို့တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ဒုတိယအကြိမ် တိုက်ခိုက်မှုမှာတော့ ဂျက်ရှ်နဲ့ ဘန်ဒါအဘက်စ်မှာ ပေါက်ကွဲမှုတွေ ဆက်လက် ဖြစ်ပွားခဲ့တာလို့ သိရတာပါ။
.
အဲဒီမတိုင်ခင် ဇွန်လ ၈ ရက်မှာတော့ ဟောမုဇ်ရေလက်ကြားမှာ ကင်းလှည့်နေတဲ့ ရဟတ်ယာဉ် တစ်စီးကို အီရန်ဖက်က ပစ်ချလိုက်တဲ့အကြောင်း ထရမ့်က ပြောဆိုခဲ့ပြီး ယာဉ်ပေါ်မှာ ပါလာတဲ့ အဖွဲ့ဝင် ၂ ဦးကိုတော့ ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့တဲ့အကြောင်း အသိပေးထားတာပါ။
.
အီရန်နိုင်ငံခြားရေး ဝန်ကြီး အာရက်ချီကတော့ အီရန်နယ်မြေနားမှာ ရှိတဲ့ နိုင်ငံခြား စစ်တပ်တွေအနေနဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရဖို့ အခြေအနေတွေ ရှိနေတဲ့အကြောင်း ပြောဆိုခဲ့ပြီး အမေရိကန်ရဲ့ တိုက်ခိုက်မှုအပေါ် ပြန်လည် တုန့်ပြန်သွားမယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
.
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်နေတဲ့ စစ်ပွဲတွေကြောင့် ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်နေခဲ့ပြီး စွမ်းအင် ဈေးနှုန်းတွေ မြင့်တက်နေသလို အစားအစာနဲ့ အခြေခံကုန်ပစ္စည်းတွေရဲ့ဈေးနှုန်းတွေလည်း ပိုမို မြင့်တက်လာနေတာ ဖြစ်ပါတယ်။
.
အမေရိကန်နဲ့ အီရန်အကြား ရေရှည်ငြိမ်းချမ်းရေး သဘောတူညီချက် ရဖို့ ဆွေးနွေးမှုတွေကလည်း နှေးကွေးနေဆဲ ဖြစ်ပြီး စစ်ပွဲက ဆက်လက် ကြာရှည်ဦးမယ့် အနေအထား ရှိတယ်လို့ နိုင်ငံရေး သုတေသီတွေက သုံးသပ်နေကြပါတယ်။
.

Source – BBC
.

#KBZTai #Shan #USA #Iran #International

No comments:

Post a Comment

Pages