.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်
.
တောင်ကိုရီးယားနိုင်ငံအတွင်းမှာ
လူကြိုက်အများဆုံး ရုပ်ရှင်ကားဖြစ်နေတဲ့ The Colony ကတော့
ရုပ်ရှင်ရုံ တင်ပြီး ပြသချိန် ၁၀ ရက်အတွင်းမှာပဲ ထုတ်လုပ်မှုကုန်ကျစရိတ်တွေအားလုံး
အရင်းကျေသွားခဲ့ပြီလို့ သိရပါတယ်။
.
.ကိုရီးယား ရုပ်ရှင်ကောင်စီရဲ့ အချက်အလက်တွေ အရတော့
ဇွန်လ ၂ ရက်နေ့မှာ Colony ရုပ်ရှင်ကို ကိုရီးယားတစ်ခွင်
ကြည့်ရှုသူပေါင်း ၃ သန်းခွဲ ကျော်သွားခဲ့ပြီး Box Office ရဲ့
နံပတ် ၁ နေရာကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ သိရတာပါ။
.
ဒီရုပ်ရှင်ကို မေလ ၂၁ ရက်နေ့မှာ
စတင်ရုံတင်ခဲ့တာဖြစ်ပြီး Train To Busan က စလို့
ဇွန်ဘီကားဆိုရင် အသည်းအသန် အားပေးကြတဲ့ ကိုရီးယား ဇွန်ဘီပရိသတ်တွေအတွက်
စိတ်ကြိုက်ဇာတ်ကားတစ်ကား ဖြစ်ခဲ့တာပါ။
.
ဒါ့အပြင် Colonyက ၂၀၂၆
ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ ပရိသတ် ၃ သန်းခွဲ အရေအတွက်ကို
အမြန်ဆုံး ရောက်ရှိသွားခဲ့တဲ့ ရုပ်ရှင်အဖြစ်လည်း စံချိန်တင်ခဲ့ပြီး အရင်တုန်းက
နံပတ်တစ်ဖြစ်ခဲ့တဲ့ The King’s Warden ကိုပါ
ကျော်ဖြတ်သွားခဲ့တာပါ။
.
ဒီရုပ်ရှင်မှာ လက်ရှိအခွန်ပြသနာတွေနဲ့
ရင်ဆိုင်နေရတဲ့မင်းသား ဂျီချန်ဝု ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး
ဂျွန်ဂျီဟွန်း၊ ရှင်ဟွန်ဘင်း တို့နဲ့အတူ နာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်တာပါ။
.
ဇာတ်လမ်းအကျဉ်းကတော့ မျိုးဗီဇပြောင်းလဲနေတဲ့
ဇွန်ဘီဗိုင်းရပ်စ်တစ်မျိုးကြောင့် ကူးစက်ခံရသူတွေ များလာချိန် အဆောက်အဦးတစ်ခုထဲမှာ
ပိတ်မိနေတဲ့ အသက်ရှင်ကျန်နေသူတွေရဲ့ အကြောင်းပါ။ ကူးစက်ခံရသူတွေက
ခန့်မှန်းလို့မရတဲ့ ပုံစံတွေနဲ့ ပြောင်းလဲလာကြတာကြောင့် အသက်ရှင်ကျန်နေတဲ့ သူတွေက
မသေအောင် ရုန်းကန်ရတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။
.
ဒီရုပ်ရှင်ကို မြန်မာပြည်တွင်းက
ရုပ်ရှင်ရုံကြီးတွေမှာလည်း ပြသနေပြီဖြစ်ပါတယ်။
,
Source – Soompi
.

No comments:
Post a Comment