❏ ကျူရှင်သင်ရန် ညွှန်ကြားထားခြင်း မရှိကြောင်း ကျောင်းအုပ် တုံ့ပြန်
.
၂၀၂၆
ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ထုံးဖို ကျောင်းတွင်
ကျောင်းဝင်းအတွင်း ပေါ်ပေါ်ထင်ထင် ကျူရှင်သင်ကြားနေသည်ဟု မိဘများက ပြောဆိုလျက်ရှိပြီး
ကျောင်းအုပ် ဆရာမကြီးကမူ မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။
.
.“ဒီကျောင်းက ပိုက်ဆံရှိတဲ့သူ၊ သူတို့ကော်မတီထဲမှာ ပါတဲ့သူဆိုရင် တစ်မျိုး၊ ပိုက်ဆံမရှိတဲ့
ကျောင်းသား ဆိုရင် တစ်မျိုး ခွဲခြားဆက်ဆံနေတာပေါ့။ ပြီးတော့ ကျောင်းဝင်းထဲမှာ ကျူရှင်သင်တယ်။
ကျူရှင် မတက်တဲ့ ကလေးတွေကျတော့ သူတို့က အရေးမလုပ်ဘူး။ ကျောသား ရင်သား ခွဲခြားတာပေါ့။
ပြီးတော့ ပိုက်ဆံတအား ကောက်တယ်။ ခေါင်းစဉ်မျိုးစုံနဲ့ ကောက်နေတာပါ” ဟု ကျောင်းသားမိဘတစ်ဦးက
ပြောသည်။
.
လက်ရှိ
ကျောင်းဝင်းအရှေ့တွင် လူဝင်ထွက်ပေါက်အသေး တစ်ပေါက် ရှိနေပြီး တံခါးပေါက်ကြီး ထပ်မံ
ဖောက်လုပ်ရန်အတွက် စီစဉ်လျက်ရှိကာ ကျောင်းသားမိဘတစ်ဦးက တာဝန်ခံ ဆောက်လုပ်ပေးမည်ဟု ပြောဆိုထားသော်လည်း
ကျောင်းသားများထံ ငွေကြေးထပ်မံကောက်ခံနေသည်ဟု ၎င်းထံက သိရသည်။
.
ထို့အပြင်
ယောက်ျားလေး ကျောင်းသားများကို ဆံပင်အနည်းငယ် ရှည်လာပါက ကတုံးကွက်ကြား ရိတ်ပစ်ခြင်း၊
ကျောင်းပြောင်းခိုင်းခြင်းများ ပြုလုပ်နေပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် Grade 9 ကျောင်းသား ၃
ဦးကို ကျောင်းပြောင်းခိုင်းခဲ့သည်ဟု သိရသည်။
.
“ကျောင်းသားတွေကို
အရှက်ခွဲတာပေါ့။ ပြီးတော့ သူတို့နေတဲ့နေရာကို မိဘတွေပါ ခေါ်ပြီး သန့်ရှင်းရေး လုပ်ခိုင်း
တယ်။ ကျောင်းပရိဝုဏ်ထဲမှာ သန့်ရှင်းရေးလုပ်ခိုင်းတယ် ဆိုရင် လက်ခံတယ်။ အခုက ဆရာမတွေ၊
သူတို့ ဝန်ထမ်းတွေ နေတဲ့နေရာပါ လုပ်ခိုင်းတာ။ ဆရာမကြီးကလည်း ဒီကျောင်းဝင်းထဲမှာ ကျူရှင်သင်ဖို့
တစ်ခန်းကို ၂ သောင်းနှုန်းနဲ့ ငှားထားတာ” ဟု အခြား ကျောင်းသားမိဘတစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့်
ပတ်သက်၍ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၊ ထုံးဖိုမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီအောင်
ကမူ ကျောင်းဝင်းအတွင်း ကျူရှင်သင်ရန် ခွင့်ပြုထားခြင်းမရှိကြောင်း ပြန်လည်ပြောဆို ခဲ့သည်။
.
“အရင်တလောက
မိဘဆရာအစည်းအဝေးလုပ်တယ်။ မိဘတွေအနေနဲ့ အဆင်မပြေတာရှိရင်လာပြောလို့ ရတယ်လို့ ပြောထားတယ်။
ကျောင်းဝင်းတံခါးလုပ်ဖို့အတွက် တံခါးကတော့ ကျောင်းကော်မတီက လှူထား တာ ရှိတယ်။ ကလေးတွေကို
တတ်နိုင်သလောက်ထည့်၊ မတတ်နိုင်ရင်လည်း မထည့်ဖို့ ပြောထားတယ်။ ကလေးတွေကို လွန်လွန်ကျူးကျူး
ဆုံးမတာမလုပ်ဖို့လည်း ဆရာမတွေကို မှာထားပါတယ်” ဟု ကျောင်းအုပ် ဆရာမကြီး ဒေါ်သီသီအောင်က
ပြောသည်။
.
အဆိုပါ
အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ထုံးဖို တွင် ဆရာ/ဆရာမ အမြဲတမ်းဝန်ထမ်း ၂၀ ဦး၊ တွဲဘက်
ဆရာမ ၁ ဦး၊ စုစုပေါင်း ၂၁ ဦး ရှိပြီး ကျောင်းသား/သူ ၆၀၀ ကျော် တက်ရောက်ပညာသင်ကြား လျက်ရှိကြောင်း
သိရသည်။
.
အလားတူ
တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာကျောင်းအချို့တွင်လည်း ကျူရှင်သင်ကြားမှုများ၊အပြင်
ငွေကြေးကောက်ခံမှုနှင့် ကျောင်းသားများအပေါ် ခွဲခြားဆက်ဆံမှုများ ရှိကြောင်း ပြောဆိုမှုများ
ရှိနေသည်။
.

No comments:
Post a Comment