.
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်
.
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊
ရွှေညောင်မြို့ရှိ ကုန်းလှိုင်ရေကန်ကို သာယာလှပသော ရေကန်နှင့် ပန်းခြံ အဖြစ်
ပေါ်ပေါက်လာစေရေးအတွက် မြို့ခံများက လိုလားလျက်ရှိကြောင်း သိရသည်။
.
.ကုန်းလှိုင်ကန်ရှိ ကန်ပတ်လမ်းမှာ
နှစ်ပေါင်းများစွာ ပြုပြင်ခြင်း မရှိသဖြင့် လမ်းပျက်စီးနေပြီး ပြန်လည် ပြုပြင်ရန်
လိုအပ်နေသည့်အပြင် ကန်သာယာလှပရေးအတွက်လည်း ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ
ဆောင်ရွက်ရန် လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။
.
“ကုန်းလှိုင်ရေကန် ပြုပြင်ပေးဖို့ ဒေသခံတွေ
အားလုံးက လိုလားနေတာပါ။ ဝန်ကြီးဆီလည်း တင်ပြပြီး ပါပြီ။ စည်ပင်မှာ
ကြန့်ကြာနေတာလို့ သိရပါတယ်” ဟု ရွှေညောင်မြို့ခံတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင် ပြည်သူလူထု
အနားယူအပန်းဖြေနိုင်ရန် ပန်းခြံ ၅ ခု အထက် တည်ရှိသော်လည်း တောင်ကြီးမြို့နယ်တွင်
ပါဝင်သော ရွှေညောင်မြို့တွင် အနားယူ အပန်းဖြေမည့် ပန်းခြံ မရှိသေးသဖြင့်
ကုန်းလှိုင်ကန်တွင် ပန်းခြံ တည်ဆောက်နိုင်မည် ဆိုပါက နိုင်ငံတော်သမ္မတ၏
လမ်းညါှန်ချက်နှင့် အညီ ဆောင်ရွက်ရာ ရောက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
.
ကုန်းလှိုင်ကန်တွင် ရွှေညောင်မြို့ခံ များသာမက
တောင်နီ၊ အေးသာယာ၊ တောင်ကြီးနှင့် ညောင်ရွှေ မြို့များမှ မြို့ခံ များလည်း လာရောက်
အပန်းဖြေ အနားယူကြပြီး နေ့စဉ် နံနက်ခင်း လမ်းလျှောက် လေ့ကျင့်ခန်း၊ အားကစား
ပြုလုပ်သူများ၊ ညနေခင်းပိုင်း လေ့ကျင့်ခန်းလုပ် အပန်းဖြေသူ များပြားကြောင်း
သိရသည်။
.
ထိုသို့ ရွှေညောင်မြို့၏ အဓိက ဂုဏ်ဆောင် နေရာ
တစ်ခု ဖြစ်သော ကုန်းလှိုင်ကန် နေရာတွင် မြို့အမည် ဆိုင်းဘုတ် ရေးသားခြင်း၊
အပန်းဖြေ အနားယူနေရာ ပန်းခြံ ဆောင်ရွက်ခြင်း ဖြင့် မြို့ဂုဏ်ကျက်သရေ တိုးတက်အောင်
ဆောင်ရွက်သင့်ကြောင်း ကိုလည်း မြို့ခံ တို့က တောင်းဆိုထားကြခြင်း ဖြစ်သည်။
.
ထို့ပြင် ကုန်းလှိုင် ရေကန် နှင့်ပန်းခြံ
ပေါ်ပေါက်လာပါက ဒေသတွင်း လူမှုဘဝနှင့် ကျန်းမာရေး ကောင်းမွန် လာခြင်း၊ စိတ်နှင့်
ကိုယ်ခန္ဓာ ကျန်းမာရေး ကောင်းမွန်လာခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် မြို့ပြဂေဟစနစ်
ဖွံ့ဖြိုးလာခြင်း၊ လေထုကို သန့်စင်ပေးခြင်း၊ ရာသီဥတုကို မျှတစေခြင်း၊
ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်း ပေးခြင်း၊ စီးပွားရေးနှင့် ဒေသအဆင့်အတန်း
မြင့်မားလာခြင်း၊ ဒေသတွင်း စီးပွားရေး လှုံ့ဆော်မှုဖြစ်ခြင်း၊ ဒေသတွင်း
ဆွဲဆောင်မှု (Tourism) ရှိလာခြင်း စသော ကောင်းကျိုးများ
ရရှိခံစားစေမည် ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment