.
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်
.
ရှမ်းပြည်နယ်အတွင်းရှိ ဒေသအချို့တွင် ပြီးခဲ့သည့်ရက်ပိုင်းမှ
စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် ရေဝင်နစ်မြုပ်ပြီး စိုက်ခင်းပျက်စီးမှုများ
ရှိနေကြောင်း သိရသည်။
.
.လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်
ယမန်နေ့ ဩဂုတ်လ ၄ ရက်၊ နံနက်ပိုင်းက နမ့်မောဟင်ချောင်း ရေတက်ပြီး နေအိမ်နှင့် စပါးခင်းများ
ရေဝင်နစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ ကြောင်း သိရသည်။
.
“လားရှိုးက ရပ်ကွက် (၅) မှာ ရေဝင်တာရှိတယ်။ ရေပူစမ်းဘက်မှာလည်း
စိုက်ခင်းတွေ မြုပ်တာမျိုး ရှိတယ်လို့ သိရတယ်။ သိပ်မပျက်ဘူး။ ဒီနေ့တော့ နည်းနည်းလိုက်ကြည့်ပြီး
လိုအပ်တာတွေ လိုက်ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမှာပါ” ဟု လားရှိုမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ကျိုင်းတုံမြို့နယ်တွင်လည်း နမ့်ခင်ချောင်း
ရေလျှံမှုကြောင့် ယန်းလောကျေးရွာအုပ်စုနှင့် အနီးဝန်းကျင် ဒေသများတွင် ရေလွှမ်းမိုးမှု
ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်၊
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ဟိုပုံး - ဆီဆိုင်သွား
ကားလမ်း၊ ပေါင်လင်းကျေးရွာအုပ်စု ဟဲလုံကျေးရွာနှင့် နံကင်ကျေးရွာကြားတွင်လည်း ဩဂုတ်လ
၂ ရက်၊ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကားလမ်း ရေကျော်မှု ဖြစ်ပွားခဲ့ပြီး
လမ်းဘေးရှိ စိုက်ခင်းများ ရေဝင်နစ်မြုပ်မှု ဖြစ်ပွားခဲ့သေးသည်။
.
“မိုးကတော့ လကုန်ရက်ကတည်းက အဆက်မပြတ် ရွာနေတာပဲလေ။
စိုက်ခင်းတွေ ရေဝင်ပျက်စီးတာ ကတော့ ရှိတာပေါ့။ ဌာနဆိုင်ရာတွေကလည်း လာပြီး စာရင်းကောက်တာမျိုးပဲ
ရှိပါသေးတယ်” ဟု ဟိုပုံးမြို့နေ တောင်သူတစ်ဦးက ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန
တာဝန်ရှိသူအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် “စိုက်ခင်းတွေ ပျက်စီးတာ
ကျွန်မတိုနဲ့ မဆိုင်ဘူး။ လူနဲ့ အိမ်တွေပဲ ကျွန်မ တိုနဲ့ပဲ ဆိုင်တာ။
စိုက်ပျိုးရေးကိုပဲ မေးလိုက်ပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
ထို့အတူ ရှမ်းပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံသို့
ဆက်သွယ်မေးမြန်းရာတွင် ပျက်စီးဆုံးရှုံးမှု ရှိသည်မှာ မှန်ကန်ပြီး စာရင်းများ ပြုစုနေဆဲဖြစ်ကြောင်း
ပြောဆိုထားသည်။
.
“ပျက်စီးမှုတော့ ရှိပါတယ်။ (စာရင်း) အတည်မပြုရသေးဘူး။
ဟိုပုံးတို့ဘက်မှာ ပျက်စီးမှုတော့ ရှိပါတယ်။ စိုက်ပျိုးရေး တစ်ခုတည်း အတည်ပြုလို့မရဘူး။
မြေစာရင်း၊ ထွေအုပ် အတည်ပြုပြီးမှ ရမှာပါ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
.
ကပ္ပလီပင်လယ်ပြင်နှင့်
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းလာ နိုင်ခြင်းကြောင့်
လည်းကောင်း၊ မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းနေခြင်းကြောင့် လည်းကောင်း
ယနေ့နံနက်မှ ဩဂုတ်လ ၈ ရက်အတွင်း ရှမ်းပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်
နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာ ကွက်၍
မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ ဩဂုတ်လ ၅ ရက်၊ နံနက်ပိုင်းတွင်
သတိပေးထားသည်။
.


No comments:
Post a Comment