ဟိုပုံးမြို့အဝင်တွင် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း စတင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, August 5, 2026

ဟိုပုံးမြို့အဝင်တွင် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း စတင်

.

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၅ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့အဝင် ပြည်ထောင်စုလမ်းမကြီး အား အကျယ် ၄၈ ပေ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ချဲ့ထွင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

.




.

တောင်ကြီး-ဟိုပုံးလမ်းပိုင်း၊ မိုင်တိုင်အမှတ် (၁၂၅/၄) မှ (၁၂၆/၂) အတွင်း၊ ဒေသအခေါ် ရေဆုံ သစ်တော ပျိုးဥယျာဉ်ခြံမှ ဟိုပုံးမြို့အဝင်အထိ အရှည် ၆ ဖာလုံကို မူလ ၂၄ ပေအကျယ် ကတ္တရာလမ်းမှ အကျယ် ၄၈ ပေ အကျယ် ကွန်ကရစ်လမ်းအဖြစ်လည်းကောင်း၊ မိုင်တိုင်အမှတ် (၁၂၆/၂) မှ (၁၂၆/၄) အထိ ဒေသအခေါ် ဟိုပုံးမြို့အဝင်မှ မွေတော်လမ်းခွဲအထိ အရှည် ၂ ဖာလုံကို မူလ ၂၄ ပေအကျယ် ကွန်ကရစ်လမ်းမှ အကျယ် ၄၈ ပေ ကွန်ကရစ်လမ်းအဖြစ်လည်းကောင်း အဆင့်မြှင့်တင် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။

.

“စက်တွေနဲ့လမ်းချဲ့ဖို့ လုပ်နေတာတော့ တွေ့ရတယ်။ လမ်းကောင်းဖို့ လုပ်တာကတော့ ကောင်းပါတယ်။ လမ်းဘေး‌မှာ နေတဲ့သူတွေကတော့ စိုးရိမ်ကြတာပေါ့။ သူ့အိမ်၊ ငါ့အိမ် နောက်ဆုတ်ရမှာလား၊ ဖျက်ပေး ရမလားပေါ့” ဟု ဟိုပုံးမြို့နေ ဒေသခံတစ်ဦးက ပြောသည်။

.

ထို့အတူ အခြား မြို့ခံတစ်ဦးကလည်း “အခုကတော့ လမ်းချဲ့တာ မြေညှိတာမျိုးပဲ တွေ့ရသေတးယ်။ တခြား ဘာမှမလုပ်သေးဘူး။ အိမ်တွေ ထိခိုက်မယ့် အနေအထားတော့ မတွေ့ရဘူး။ လမ်းလုပ်မယ် ဆိုရင် ရေမြောင်းစနစ်တွေလည်း ကောင်းအောင်လုပ်ဖို့ လိုတာပေါ့” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။

.

၄၈ ပေအကျယ် ကတ္တရာ၊ ကွန်ကရစ်လမ်းမ တည်ဆောက်ပါက လမ်းတစ်ဘက်တစ်ချက်တွင် လမ်း ပခုံးသား၊ ရေမြောင်း အပါအဝင် စုစုပေါင်း လမ်းအကျယ် ၇၂ ပေ ရှိရမည်ဖြစ်ပြီး မြို့တွင်း၊ ရွာတွင်း နေရာများတွင် မြေနေရာ ရရှိသလောက်သာ ဆောင်ရွက်ရကြောင်း ယင်းလမ်းပိုင်းအား BOT စနစ်ဖြင့် တာဝန်ယူဆောင်ရွက်နေသည့် နေမင်းရောင်ကုမ္ပဏီ တာဝန်ရှိသူက ပြောဆိုထားသည်။

.

“ကျွန်တော်တို့ စီမံချက်ကတော့ ၄၈ ပေပေါ့။ ဒါပေမဲ့ အများပြည်သူနဲ့လည်း တစ်စုံတစ်ရာ ပြဿနာ ကြီးငယ် မတက်ရလေအောင် မြို့ထဲ၊ ရွာထဲမှာ အခိုင်အမာ ဆောက်ထားတဲ့ အဆောက်အဦတွေ ရှိရင် အဲဒီလို နေရာမှာ ပေ ၃၀ ရရ၊ ပေ ၄၀ ရရ ရသလောက် တည်ဆောက်ရပါတယ်” ဟု နေမင်းရောင် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

.

မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး၊ တောင်ကြီး-ဟိုပုံး-လွိုင်လင်-နမ့်စန် လမ်းပိုင်း၊ မိုင်တိုင်အမှတ် (၁၁၅/၂) မှ (၁၈၈/၂) အထိ လမ်းအရှည် ၇၃ မိုင်ကို နေမင်းရောင် ဆောက်လုပ်ရေး ကုမ္ပဏီက BOT စနစ်ဖြင့် ၂၀၁၀-၂၀၁၁ ခု ဘဏ္ဍာနှစ်မှ စတင်၍ နှစ် ၄၀ လုပ်ကိုင်ခွင့် ရရှိထားခြင်း ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages