.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်
.
မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီရဲ့
စည်းမျဉ်းတွေကို ပြင်ဆင်လိုက်တာဟာ နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအွန်ရဲ့ အာဏာကို
ပိုမိုဗဟိုပြုချုပ်ကိုင်နိုင်ဖို့အခြေခံချမှတ်လိုက်တာဖြစ် တယ်လို့ တောင်ကိုရီးယား
လုံခြုံရေးသုတေသနအဖွဲ့တစ်ခုရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
.
.ဒီစည်းမျဉ်းပြင်ဆင်ချက်တွေကို ဖေဖော်ဝါရီလအတွင်း
ကျင်းပခဲ့တဲ့ မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီရဲ့ ၉ ကြိမ်မြောက် ပါတီညီလာခံမှာ
အတည်ပြုခဲ့တာဖြစ်ပါတယ်။
.
တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနနဲ့
ဆက်နွှယ်နေတဲ့ အမျိုးသားလုံခြုံရေး မဟာဗျူဟာ အင်စတီကျုကတော့ ဒီပြင်ဆင်ချက်တွေဟာ
ကင်မ်ဂျုံအွန်ရဲ့ အာဏာကို ပိုမိုခိုင်မာစေသလို နိုင်ငံတော်နဲ့ စစ်တပ်အပေါ် ပါတီရဲ့
ထိန်းချုပ်မှုကိုလည်း ပိုပြီး တရားဝင်စနစ်တကျ ဖြစ်စေတယ်လို့ ဆိုပါတယ်။
.
ပြင်ဆင်လိုက်တဲ့ စည်းမျဉ်းတွေအရ ကင်မ်ဂျုံအွန်
တာဝန်ယူထားတဲ့ ပါတီအထွေထွေအတွင်း ရေးမှူးဟာ ပေါ်လစ်ဗျူရိုနဲ့ ပေါ်လစ်ဗျူရို
အမြဲတမ်းကော်မတီ အစည်းအဝေးတွေကို ခေါ်ယူပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ခွင့်
ရရှိပါတယ်။
.
ဒါ့အပြင် အရေးကြီးတဲ့ တာဝန်ရှိသူတွေကို ခန့်အပ်၊
ထုတ်ပယ်နိုင်တဲ့အာဏာ၊ ပါတီဝင်အသစ်တွေကို လက်ခံခွင့်၊ ပါတီဝင်တွေကို
ထုတ်ပယ်ခွင့်နဲ့ ပါတီအဖွဲ့အစည်းတွေ၊ ဌာနတွေကို ဖျက်သိမ်းနိုင်တဲ့ အာဏာတွေ လည်း
ပေးအပ်ထားပါတယ်။
.
ဒီလို ပြင်ဆင်မှုတွေကြောင့် ကင်မ်ဂျုံအွန်ဟာ
ပါတီရဲ့ စုပေါင်းဆုံးဖြတ်ချက်ချတဲ့ အဖွဲ့အစည်းတွေအပေါ် အားကိုးစရာမလိုဘဲ အာဏာကို
ပိုမိုတိုက်ရိုက် ချုပ်ကိုင်နိုင်လာမယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
.
အခြားပြင်ဆင်ချက်တွေကတော့ ပါတီရဲ့
လုပ်ငန်းလည်ပတ်မှုတွေကို ပိုမိုစနစ်တကျဖြစ်စေဖို့နဲ့ အစိုးရနဲ့
စစ်ဘက်ရေးရာတွေအပေါ် ဗဟိုကွပ်ကဲမှုကို ပိုမိုတင်းကျပ်စေဖို့ ရည်ရွယ်ထားတာ
ဖြစ်ပါတယ်။
.
ပြင်ဆင်ထားတဲ့ စည်းမျဉ်းသစ်တွေအရ ဗဟိုကော်မတီ
မျက်နှာစုံညီအစည်းအဝေးကို အနည်းဆုံး ၆ လ တစ်ကြိမ် ကျင်းပရမှာဖြစ်ပါတယ်။
.
ဒါ့အပြင် စစ်ဖြစ်နေချိန်မှာ
အရေးကြီးတဲ့ကိစ္စရပ်တွေကို ဗဟိုကော်မတီရဲ့ ခွင့်ပြုချက်နဲ့ ပေါ်လစ်ဗျူရိုက
ဆုံးဖြတ်နိုင်ခွင့်လည်း ပေးထားပါတယ်။ ဒီလိုလုပ်ထားတာက ဗဟိုကော်မတီအပြည့်အစုံကို
အစည်းအဝေး ခေါ်စရာမလိုဘဲ ထိပ်တန်းတာဝန်ရှိသူအနည်းငယ်က အရေးပေါ်ဆုံးဖြတ်ချက်တွေ
မြန်မြန် ဆန်ဆန် ချနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
.
အစီရင်ခံစာအရ ပြင်ဆင်ချက်တွေထဲမှာ
မြောက်ကိုရီးယားနိုင်ငံတည်ထောင်သူ ကင်မ်အီဆွန်းနဲ့ ယခင် ခေါင်းဆောင်
ကင်မ်ဂျုံအီတို့ရဲ့ အောင်မြင်မှုတွေနဲ့ ပတ်သက်တဲ့ ကျန်ရှိနေသေးတဲ့
ရည်ညွှန်းချက်တွေကို လည်း ဖယ်ရှားခဲ့ပါတယ်။ အဲဒီအစား ကင်မ်ဂျုံအွန်ရဲ့
ဗဟိုအခန်းကဏ္ဍကို ပိုမိုအလေးပေးထားတယ်လို့ ဆိုပါတယ်။
.
စည်းမျဉ်းသစ်တွေမှာ တောင်ကိုရီးယားနဲ့
ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ မြောက်ကိုရီးယားရဲ့ နှစ်ပေါင်း များစွာ
ကျင့်သုံးခဲ့တဲ့ မူဝါဒကို စွန့်လွှတ်ထားတာကိုလည်း ဆက်လက်ထိန်းသိမ်းထားပါတယ်။
မြောက် ကိုရီးယားဟာ ၂၀၂၄ ခုနှစ်မှာ “ရန်လိုသော နိုင်ငံနှစ်နိုင်ငံ”
မူဘောင်အောက်ကနေ ပြန်လည် ပေါင်းစည်း ရေးနဲ့ဆိုင်တဲ့ စာသားတွေကို ဖယ်ရှားခဲ့တာ
ဖြစ်ပါတယ်။
.
အခြားပြင်ဆင်ချက်တွေထဲမှာ ပါတီဝင်ဖြစ်ခွင့်
အနိမ့်ဆုံးအသက်ကို ၁၈ နှစ်ကနေ ၂၀ နှစ်အထိ တိုးမြှင့် လိုက်တာနဲ့ ပါတီဝင်တွေအပေါ်
အရေးယူနိုင်တဲ့ စည်းကမ်းပိုင်းဆိုင်ရာ ပြစ်ဒဏ်တွေကိုလည်း ပိုမို တိုးချဲ့ထားပါတယ်။
.
အမျိုးသားလုံခြုံရေးမဟာဗျူဟာအင်စတီကျုကတော့
ဒီပြင်ဆင်မှုတွေဟာ “ကင်မ်ဂျုံအွန်ခေတ် 2.0” ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး
မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အာဏာကို ပိုမိုစုစည်းခိုင်မာစေဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့
သုံးသပ်ထားပါတယ်။
.
Ref – Reuters
.

No comments:
Post a Comment