.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ မြို့မဈေးတောင်ဘက်၊
တပင်ရွှေထီးလမ်းရှိ ရေမြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက်များအား ယမန်နေ့ စက်တင်ဘာလ
၂ ရက်မှ စတင်၍ မြို့နယ်စည်ပင်သာယာရေး ဌာနက ဆယ်ယူရှင်းလင်း လျက်ရှိကြောင်း သိရသည်။
.
.“တပင်ရွှေထီးလမ်းရဲ့ ဘယ်/ညာမှာ ရေမြောင်း နှစ်မြောင်းရှိတယ်။
အဲဒီရေမြောင်းတွေ ပိတ်နေလို့ ဆယ် တာပါ။ ချမ်းမြသာစည်ရပ်ကွက်က အနောက်မြို့ပတ်လမ်း ဖြတ်တဲ့မြောင်းလည်း
ဆယ်နေပါတယ်” ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
မိုးရာသီကာလတွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက်
ရေမြောင်းများအတွင်း ပိတ်ဆို့နေသော အမှိုက် သရိုက်များအား ဆယ်ယူရှင်းလင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ တပင်ရွှေထီးလမ်း တောင်ကြီးမြို့လယ် အဓိက အချက်အခြာနေရာတစ်ခုဖြစ်ပြီး
ရေမြောင်းအတွင်း အမှိုက်သရိုက်များ ပိတ်ဆို့နေမှုကြောင့် မိုးရွာသွန်းချိန်တွင် ရေကြီးရေလျှံမှုနှင့်
အနံ့အသက်ဆိုးများ ထွက်ပေါ် နေရခြင်းဖြစ်ကြောင်း သိရသည်။
.
“အမှိုက်တွေကတော့ ဆယ်နေတာ တွေ့ပါတယ်။ အဲဒီလို အမှိုက်မပိတ်အောင်၊
တောင်ကြီးမြို့ကြီး သာယာ လှပအောင် ဆိုတာက စည်ပင်ရဲ့ တာဝန် တစ်ခုထဲ မဟုတ်ဘူး။ ဒီမြို့မှာ
နေတဲ့ မြို့သူမြို့သားတိုင်းရဲ့ တာဝန် ဖြစ်ပါတယ်။ အားလုံးက စည်းကမ်းရှိရှိနဲ့ အမှိုက်တွေကို
စနစ်တကျ စွန့်ပစ်ဖို့တော့ လိုတာပေါ့” ဟု တောင်ကြီး ဒေသခံတစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
မြို့မဈေးကဲ့သို့ လူစည်ကားရာနေရာများတွင်
သန့်ရှင်းရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပေးခြင်းနှင့်အတူ ဈေးရောင်းချသူများ၊
ဈေးဝယ်သူများနှင့် ဒေသခံပြည်သူများအနေဖြင့်လည်း အမှိုက်များကို သတ်မှတ် နေရာတွင်
စနစ်တကျ စွန့်ပစ်ခြင်း၊ ရေမြောင်းများအတွင်း အမှိုက်မပစ်ခြင်းတို့ဖြင့်
ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ဒေသခံများထံက သိရသည်။
.

No comments:
Post a Comment