အမေရိကန်နှင့် တရုတ် အာကာသစစ်ပွဲအတွက် လက်နက်တပ်ဆင် ပြင်ဆင်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Thursday, September 3, 2026

အမေရိကန်နှင့် တရုတ် အာကာသစစ်ပွဲအတွက် လက်နက်တပ်ဆင် ပြင်ဆင်နေ

.

၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၃ ရက်

.

အာကာသစစ်ဆင်ရေးနယ်ပယ်မှာ နည်းပညာတွေ အလျင်အမြန် တိုးတက်ပြောင်းလဲလာနေချိန်မှာ ဘေဂျင်းနဲ့ ဝါရှင်တန်တို့ဟာ အနာဂတ်မှာ ပဋိပက္ခတွေ အာကာသအတွင်းအထိ ပျံ့နှံ့လာနိုင်တဲ့ အခြေအနေအတွက် ပြင်ဆင်နေကြပါတယ်။

.

.

ပြီးခဲ့တဲ့ဇွန်လအတွင်းက အမေရိကန်စစ်ဘက် လေ့လာသုံးသပ်သူတွေ အနီးကပ်စောင့်ကြည့်နေတဲ့ တရုတ်နိုင်ငံရဲ့ လျှို့ဝှက် မောင်းသူမဲ့ အာကာသယာဉ်တစ်စင်းက ကမ္ဘာမြေပြင်အထက် မိုင်ရာနဲ့ချီမြင့်တဲ့ အာကာသပတ်လမ်းကြောင်းအတွင်း ဂြိုဟ်တုအသေးတစ်လုံးကို လွှတ်တင်ခဲ့ပါတယ်။ အဲဒီနေရာဟာ စီးပွားရေးနဲ့ စစ်ဘက်သုံးဂြိုဟ်တုတွေ အများအပြား ရှိနေတဲ့ အာကာသပတ်လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။

.

အာကာသခြေရာခံကုမ္ပဏီ LeoLabs ရဲ့ အချက်အလက်တွေအရ လွှတ်တင်လိုက်တဲ့ အရာဝတ္ထုဟာ တရုတ်ဂြိုဟ်တုနောက်တစ်လုံးကို လှည့်ပတ်သွားခဲ့ပြီး၊ အဲဒီနောက် မူလ အာကာသယာဉ်ဘက်ကို ပြန်လည်ချဉ်းကပ်သွားခဲ့တယ်လို့ သိရပါတယ်။ဒီဂြိုဟ်တုနဲ့ ၎င်းရဲ့ မစ်ရှင်အကြောင်းကိုတော့ အသေးစိတ် မသိရသေးပါဘူး။

.

ဒါပေမဲ့ အမေရိကန်စစ်တပ်မှာလည်း အလားတူ လျှို့ဝှက် မောင်းသူမဲ့ အာကာသယာဉ်တစ်စင်း ရှိနေပြီး၊ အာကာသလွန်းပျံယာဉ်ငယ်တစ်စင်းနဲ့ ဆင်တူတဲ့ ဒီယာဉ်မှာလည်း လူလိုက်ပါခြင်း မရှိပါဘူး။

.

Reuters က ရရှိထားတဲ့ စာရွက်စာတမ်းတွေ၊ အာကာသခြေရာခံ အချက်အလက်တွေနဲ့ လက်ရှိတာဝန် ထမ်းဆောင်နေသူ၊ အငြိမ်းစားစစ်ဘက်အရာရှိတွေရဲ့ ပြောဆိုချက်တွေကို လေ့လာသုံးသပ်ထားချက် အရ တရုတ်နဲ့ အမေရိကန်တို့ဟာ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေ အာကာသအထိ ပျံ့နှံ့လာနိုင်တဲ့ အခြေအနေအတွက် ကြိုတင်ပြင်ဆင်နေကြတာကို ဒီအာကာသအစီအစဉ်တွေက ဖော်ပြနေပါတယ်။

.

တရုတ်စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ သုတေသီတွေဟာ အခြားအာကာသယာဉ်တွေကို လိုက်လံ စောင့်ကြည့် နိုင်တဲ့၊ ဖမ်းဆီးနိုင်တဲ့ ဂြိုဟ်တုနည်းပညာတွေကို ဖွံ့ဖြိုးနေတယ်လို့ Reuters ရဲ့ စုံစမ်းလေ့လာမှုမှာ ဖော်ပြ ထားပါတယ်။

.

ဒါ့အပြင် ဒီလိုလုပ်ဆောင်နေချိန်မှာ လောင်စာထပ်မံဖြည့်တင်းနိုင်မယ့် နည်းပညာတွေကိုလည်း တီထွင် နေတယ်လို့ မူပိုင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေ၊ ဝယ်ယူရေးကြေညာချက်တွေနဲ့ သုတေသနစာတမ်းတွေမှာ တွေ့ရပါတယ်။

.

တစ်ဖက်မှာလည်း အမေရိကန်နဲ့ ဗြိတိန်တို့ဟာ တရုတ်ထောက်လှမ်းရေးဂြိုဟ်တုလို့ သံသယရှိတဲ့ ဂြိုဟ်တု တစ်လုံးရဲ့ ပျံသန်းလမ်းကြောင်းအနီးမှာ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေး အာကာသ စစ်ဆင်ရေးတစ်ခု ပြုလုပ် ခဲ့တယ်လို့ စီးပွားရေးအာကာသခြေရာခံ အချက်အလက်တွေက ဖော်ပြပါတယ်။

.

အမေရိကန်အာကာသတပ်ဖွဲ့ Space Force ရဲ့ စစ်ဆင်ရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ချန့်စ်ဆော့လ်ဇ်မန် ကတော့ တရုတ်ဟာ ပစ်မှတ်တွေကို အနှောင့်အယှက်ပေးနိုင်တဲ့၊ ဖျက်ဆီးနိုင်တဲ့ မြေပြင် အခြေစိုက်နဲ့ အာကာသအခြေစိုက် လက်နက်စွမ်းရည်တွေကို အလျင်အမြန် ဖွံ့ဖြိုးတိုး တက်နေတယ်လို့ ဇူလိုင်လအတွင်း ပြောကြားခဲ့ပါတယ်။

.

တရုတ်ဘက်က ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုဟာလည်း အလွန်ကြီးမားတယ်လို့ မကြာခင် အငြိမ်းစား ယူတော့မယ့် ချန့်စ်ဆော့လ်ဇ်မန် က ပြောပါတယ်။

.

လက်ရှိခေတ် စစ်ပွဲတွေမှာ ဂြိုဟ်တုတွေဟာ မရှိမဖြစ် အရေးပါလာနေပါတယ်။

.

ယူကရိန်းစစ်ပွဲနဲ့ အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေကလည်း ဒီအချက်ကို ရှင်းရှင်းလင်းလင်း ပြသခဲ့ ပါတယ်။ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဂြိုဟ်တုတွေဟာ မြေပြင်မှာရှိတဲ့ စစ်တပ်တွေအတွက် ဆက်သွယ်ရေး၊ လမ်းညွှန်မှုနဲ့ ထောက်လှမ်းရေးဆိုင်ရာ အချက်အလက်တွေ ပံ့ပိုးပေးလာခဲ့ပါတယ်။

.

ယခင်ကတော့ အာကာသပတ်လမ်းကြောင်းထဲ ရောက်သွားတဲ့ ဂြိုဟ်တုတွေဟာ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းသာ လှည့်ပတ်နေခဲ့ကြတာပါ။ ဒါပေမဲ့ အခုအခါမှာတော့ စစ်တပ်တွေက ဂြိုဟ်တု တွေကို သတင်းအချက်အလက်ပေးပို့တဲ့ ကိရိယာတွေအဖြစ်သာ မမြင်တော့ဘဲ တိုက်ခိုက်ရေးလက်နက် စနစ်တွေအဖြစ်ပါ အသုံးပြုနိုင်မယ့် ပလက်ဖောင်းတွေလို မြင်လာကြပါတယ်။

.

ဥပမာအားဖြင့် အခြားဂြိုဟ်တုတွေရဲ့ လုပ်ငန်းဆောင်တာတွေကို အီလက်ထရောနစ်အချက်ပြမှုနဲ့ အနှောင့်အယှက်ပေးတာ၊ လေဆာရောင်ခြည်အသုံးပြုပြီး အာရုံခံစနစ်တွေကို ထိခိုက်စေတာ၊ ဒါမှမဟုတ် ရန်သူရဲ့ အာကာသယာဉ်တွေကို ဖမ်းဆီးတာမျိုးအထိ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ် နေကြတာပါ။

.

အမေရိကန်ရဲ့ အာကာသစွမ်းရည်တွေကို အနှောင့်အယှက်ဖြစ်စေမယ်ဆိုရင် မြေပြင်မှာရှိတဲ့ အမေရိကန် စစ်တပ်ရဲ့ စစ်ရေးစွမ်းရည်တွေကို အကြီးအကျယ် ထိခိုက်စေနိုင်တယ်လို့ အမေရိကန်လေတပ် Air War College က ပါမောက္ခဟောင်း အဲဗရက် ဒေါလ်မန် က ပြောပါတယ်။

.

ဒါဟာ ထောက်လှမ်းရေးလုပ်ငန်းတွေကနေ ဒုံးကျည်ကာကွယ်ရေးစနစ်တွေအထိ အရာအားလုံးကို ထိခိုက်စေနိုင်တယ်လို့ သူက ဆိုပါတယ်။

.

အာကာသယာဉ်တွေဟာ လှုပ်ရှားပြောင်းလဲနိုင်စွမ်းရှိပြီး ဂြိုဟ်တုတွေ လွှတ်တင်နိုင်သလို ကုန်ပစ္စည်း တွေလည်း သယ်ဆောင်နိုင်တာကြောင့် ပြိုင်ဘက်နိုင်ငံတွေဘက်က ကြည့်ရင် အာကာသတိုက်လေယာဉ် လိုမျိုး ဖြစ်လာနိုင်တယ်လို့လည်း အဲဗရက် ဒေါလ်မန် က ပြောပါတယ်။

.

ဒီပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာနေချိန်မှာ ကမ္ဘာပတ်လမ်းကြောင်းအတွင်းမှာလည်း ဂြိုဟ်တုတွေ ပိုမိုများပြားလာနေပါတယ်။

.

SpaceX က လက်ရှိမှာ Starlink ဂြိုဟ်တု အစင်းရေ ၁၁,၀၀၀ ခန့်ကို လည်ပတ်အသုံးပြုနေပြီး အာကာသ အတွင်း AI နည်းပညာအသုံးပြု ဒေတာစင်တာများ ကွန်ရက်တည်ဆောက်ဖို့လည်း စီစဉ်နေပါတယ်။

 

တရုတ်နိုင်ငံကလည်း SpaceX ရဲ့ Starlink နဲ့ ယှဉ်ပြိုင်နိုင်မယ့် ဂြိုဟ်တုကွန်ရက်တွေကို တည်ဆောက် နေပါတယ်။

.

တစ်ဖက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ Golden Dome ဒုံးကျည်ကာကွယ်ရေးအစီအစဉ် ကလည်း အာကာသအခြေစိုက် ကြားဖြတ်ဖျက်ဆီးရေးစနစ်တွေ အသုံးပြုဖို့ ရည်မှန်းထားပါတယ်။

.

အမေရိကန်ဟာလည်း အနာဂတ်ပဋိပက္ခတွေမှာ အရေးပါလာနိုင်တဲ့ အာကာသစစ်ရေးစွမ်းရည်တွေ တိုးတက်လာနေတယ်လို့ ရိုက်တာ သတင်းမှာဖော်ပြထားပါတယ်။

.

No comments:

Post a Comment

Pages