.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်
.
တောင်ကြီးမြို့နယ်၊ ကျေက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာအုပ်စု၊
ဆောင်းဖို့ကျေးရွာမှ ပစ်ပယ်ခံထား ရသည့် အဖိုးအိုကိစ္စနှင့် ပတ်သက်၍ PNO တာဝန်ရှိသူများက
ယနေ့ စက်တင်ဘာလ ၂၀ ရက်တွင် ကျေးရွာ အုပ်စုအဆင့် အနေဖြင့် ဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.
.
“အခု ဒီနေ့ ကျေးရွာအုပ်စုအဆင့်အနေနဲ့ ဖြေရှင်းဖို့ စတင်ဆောင်ရွက်နေပါပြီ။
ကျန်းမာရေးရှုထောင့်က ကြည့် ရင် ဒါက ကူးစက်ရောဂါ မဟုတ်ဘူးဆိုတာ လူတိုင်းသိတယ်။ ဒါကို
သူတို့ လက်ခံနိုင်ဖို့နဲ့ ဒီလိုဖြစ်စဉ်တွေ မဖြစ်ဖို့ သွားရောက်ဖြေရှင်းပေးမှာပါ” ဟု
PNO အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နောင်ခဲကျေးရွာအုပ်စု၊ ဆောင်းဖို့ ကျေးရွာနေ အသက် ၇၀ ကျော်အရွယ်
အဖိုးအိုတစ်ဦးကို သမင်ဖြူရောဂါ ဖြစ်ပွားနေသည်ဟု ဆိုကာ ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်း၌
ဒေသခံများက ကျေးရွာမှ နှင်ထုတ် ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဖိုးအိုမှာ နေအိမ်မှ ထွက်ခွာရခြင်း
မရှိသော်လည်း ၎င်းနေထိုင်သည့် နေအိမ်ကို သောက်သုံးရေနှင့် လျှပ်စစ်မီး ဖြတ်တောက်ကာ
ရွာမှ ပစ်ပယ်ထားခြင်းဖြစ်သည်ဟု သိရသည်။
.
“အဖိုးက အခုတော့ အိမ်မှာပါပဲ။ အိမ်ထဲအိမ်ပြင်တော့ မထွက်ရဘူး။
မီးတွေ၊ ရေတွေလည်း ပြန်မရသေး ပါဘူး။ နောက်ထပ်တော့ မောင်းမထုတ်ဘူး။ ဒါပေမဲ့ ကျွန်မတို့အိမ်မှာ
ဖွင့်ထားတဲ့ ဈေးဆိုင်ကို လာဝယ်ရင် ဒဏ်ငွေ ၅၀၀၀၀ ရိုက်မယ်လို့ ရွာကလူတွေ ပြောထားတယ်”
ဟု အဖိုးအို၏ မိသားစုဝင်တစ်ဦးက ပြောသည်။
.
ဆောင်းဖို့ကျေးရွာတွင် လျှပ်စစ်မီးရရှိရေးအတွက် ရွာ ရေတံခွန်မှ
ကိုယ်ထူကိုယ်ထ ဆောင်ရွက်ထားခြင်း ဖြစ်ပြီး အဖိုးအို မိသားစုအနေဖြင့် လျှပ်စစ်မီး စတင်ဆောင်ရွက်စဉ်ကတည်းက
ယနေ့အချိန်ထိ လစဉ်ပုံမှန် မီးဖိုး ပေးသွင်းနေရခြင်းဖြစ်သည်ဟု သိရသည်။
.
အသက် ၇၂ နှစ်အရွယ် အဆိုပါ အဖိုးအိုကို ရွာသားအချို့က
စုပေါင်း နှင်ထုတ်ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေး ဝန်ထမ်းများ အပါအဝင်
ဒေသအာဏာပိုင်များက ကျေးရွာသို့ သွားရောက်ရှင်းပြခဲ့သော်လည်း လက်မခံဘဲ
မောင်းထုတ်ရန် ဆန္ဒရှိနေကြခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စာားလှယ် နန်းစိန် က “ပအိုဝ်း အဖွဲ့အစည်းအနေနဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကတော့ သွားပြီးတော့
ဖြန်ဖြေပေးထားပါတယ်။ ရွာသား တွေက တော့ လက်မခံဘူးလို့ သိရတယ်။ ဥပဒေ ရှုထောင့်ကပဲဖြစ်ဖြစ်၊
လူ့အခွင့်အရေး ရှုထောင့်အနေနဲ့ပဲ ဖြစ်ဖြစ် ဒါက မဖြစ်သင့်ဘူးပေါ့။ ပြီးတော့ ဒီရောဂါက
ကူးစက်တတ်တဲ့ ရောဂါလည်း မဟုတ်ဘူး။ ဓလေ့ ထုံးတမ်းက ဥပဒေကိုတော့ မလွှမ်းမိုးနိုင်ဘူး။
အယူသည်းတယ်လို့ပဲ မြင်ပါတယ်” ဟု ပြောဆိုခဲ့သည်။
.
ထို့အတူ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်ကြည်ကလည်း
“ရွာက နားလည်မှုလွဲတာ ဖြစ်မှာပါ။ အဲဒီဟာက ကူးစက်တဲ့ရောဂါလည်း မဟုတ်ဘူး။ ဒီလို မလုပ်သင့်ဘူးလို့တော့
ပြောချင်ပါတယ်။ ဒါက လူသား ချင်း စာနာထောက်ထားတဲ့ အနေနဲ့ ဆိုရင်လည်း မဖြစ်သင့်တဲ့ ကိစ္စပါ”
ဟု ပြောဆိုခဲ့သည်။
.
မောင်းထုတ်ခံရသည့် အဖိုးအိုသည် ယခင်ကလည်း ၂ ကြိမ်
မောင်းထုတ်ခံရပြီးဖြစ်ကာ လက်ရှိတွင် အဖိုးအို ၏ နေအိမ်အား ကျေးရွာမှ
သောက်သုံးရေနှင့် လျှပ်စစ်မီးများ ဖြတ်တောက်ထားသည့်အတွက် အဖိုးအို အပါအဝင်
မိသားစုဝင်များ အခက်အခဲဖြစ်ပေါ်နေရသည်ဟု သိရသည်။
.
“အယူသည်းတဲ့ ကိစ္စတွေက ဒီဘက်ခေတ်မှာ ပညာတတ်လူငယ်တွေအနေနဲ့
ဒေသဖွံ့ဖြိုးရေး ကိစ္စသော် လည်းကောင်း၊ အုပ်ချုပ်ရေးပိုင်းမှာ သော်လည်းကောင်း ပိုပြီး
ထဲထဲ ဝင်ဝင် ပါဝင်ဆောင်ရွက်ဖို့ အကြံပြုချင် ပါတယ်။ အခု ဆောင်းဖို့ ကိစ္စမှာ အသက်
၈၀ နီးပါးရှိတဲ့ အဖိုးကြီးတစ်ဦး ကနေ ပြောတဲ့စကားကို နားယောင်တာပါ” ဟု PNO တာဝန်ရှိသူက
ဆက်လက်ပြောဆိုခဲ့သည်။
.
သမင်ဖြူရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်တတ်ခြင်း
မရှိဘဲ ရောဂါဝေဒနာရှင်များကို ခွဲခြား ဆက်ဆံရန် မလိုကြောင်း ကျန်းမာရေးဌာန
တာဝန်ရှိသူတစ်ဦးက အကြံပြု ပြောဆိုထားသည်။
.

No comments:
Post a Comment