.
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်းဒေသထွက် ခရမ်းချဉ်သီး
ဈေးနှုန်းကျဆင်းပြီး ခရမ်းချဉ်စိုက် တောင်သူများအရှုံးပေါ် ကာ လမ်းဘေးတွင် စွန့်ပစ်နေရသည်ဟု
သိရသည်။
.
.
ရှမ်းတောင်ဒေသထွက် ခရမ်းချဉ်သီးများ အဓိက
တင်ပို့ရောင်းချရာဒေသဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသနှင့် မြန်မာပြည်အလယ်ပိုင်းသို့ တင်ပို့နိုင်ခြင်း
မရှိသဖြင့် ဈေးကွက်ပျက်ပြီး ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းနေခြင်းဖြစ်ကြောင်း
သိရသည်။
.
“ခရမ်းချဉ်သီးက ဝယ်ဈေး ၅၀၀ ကျော်၊ ၆၀၀ ပဲ ရတယ်။
အဲဒါကို လာရောင်းဖို့ ကားနဲ့ သယ်လာခက တစ်ပိဿာကို ၁၀၀/၁၅၀ လောက် ကျတယ်။
ကုန်ကျစရိတ်က လုပ်အားခ အပါအဝင် ၆၀၀ နီးပါး ကုန်ကျ တယ်။ အရှုံးဈေးနဲ့ပဲ
ရောင်းနေရတာပေါ့။ တချို့ဆိုရင် ကားခနဲ့ အဆင်မပြေလို့ လာမရောင်းတော့ဘဲနဲ့ ခြံမှာ
ဒီအတိုင်း ပစ်ထားတာလည်း ရှိတယ်” ဟု ခရမ်းချဉ်စိုက် တောင်သူတစ်ဦးက ပြောသည်။
.
လက်ရှိတွင် ရှမ်းတောင်ဒေသအပြင် မြေပြန့်ဒေသမှ
ခရမ်းချဉ်သီးများ လှိုင်လှိုင် ထွက်ရှိနေသည့်အတွက် ဈေးကွက်ဆုံပြီး
ဈေးကောင်းမရရှိခြင်းဖြစ်ကြောင်း သိရသည်။
.
“ခရမ်းချဉ်က နှစ်စဉ် ၈ လပိုင်း၊ ၉ လပိုင်း
ဆိုရင် ပျက်နေကျပါ။ တခြားဒေသတွေကလည်း ထွက်တယ်၊ ရှမ်းပြည်ကလည်းထွက်တယ်။ ဒီတော့
ဝယ်လက်မရှိ ဖြစ်ကုန်တာပေါ့။ စိုက်ချိန်၊ ထွက်ချိန် ဆုံသွားတာပေါ့။ ၁၁
လပိုင်းလောက်မှ တောင်ပေါ်က ခရမ်းချဉ်က ဈေးပြန်ကောင်းမှာပေါ့” ဟု အောင်ပန်းမြို့ရှိ
ကုန်စည်ဒိုင် တစ်ခုမှ တာဝန်ရှိသူက ပြောသည်။
.
ရှမ်းတောင်ဒေသမှ ခရမ်းချဉ်စိုက်
တောင်သူများအနေဖြင့် ခရမ်းချဉ်သီးကို နှစ်စဉ် ဩဂုတ်လခန့်တွင်
စတင်စိုက်ပျိုးသင့်ပြီး နိုဝင်ဘာလအမီ ထွက်ရှိအောင် ဆောင်ရွက်သင့်သည်ဟု ၎င်းက
အကြံပြု ပြောဆိုခဲ့သည်။
.
လက်ရှိ အောင်ပန်းကုန်စည်ဈေးကွက်တွင်
ခရမ်းချဉ်သီး ဂွတ်သီး တစ်ပိဿာလျှင် ၁၂၀၀ ကျပ်၊ ရှယ်သီး တစ်ပိဿာလျှင် ၁၀၀၀
ကျပ်နှင့် အလုံးသေး တစ်ပိဿာလျှင် ၆၀၀ ကျပ်ခန့်သာ ဈေးရရှိပြီး တောင်သူ များအနေဖြင့်
စိုက်ပျိုးစရိတ်ပင် မရရှိဘဲ အရှုံးဈေးဖြင့် ရောင်းချနေရခြင်းဖြစ်ကြောင်း သိရသည်။
.
“နှစ်တိုင်း ဒီလို အမြဲ ဖြစ်နေတာ။ တောင်သူတွေ
အနေနဲ့ တစ်ခုခု စီစဉ်သင့်ပြီ။ ခရမ်းချဉ်ကနေ ဘာလုပ် ရမှလဲ။ MSME လိုမျိုးနဲ့ တခြား အချဉ်ရည် လုပ်မလား။ ကြာရှည်ခံအောင် ထိန်းမလားဆိုတာ ရေရှည်အတွက်
စဉ်းစားရမှာပါ” ဟု ဒေသခံတစ်ဦးကလည်း ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ခရမ်းချဉ်သီးကို ရှမ်းပြည်နယ်တောင်ပိုင်း၊
တီကျစ်၊ နောင်တရား၊ အောင်ပန်း၊ ပင်းတယ၊ ဟဲဟိုး၊ ရွှေညောင်၊ ညောင်ရွှေ စသည့်ဒေသ
များတွင် အများဆုံး စိုက်ပျိုးကြပြီး ထိုင်းမျိုး ခရမ်းချဉ်သီးကို အများဆုံး
စိုက်ပျိုး ကြခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment