ယခုနှစ် အဝေးသင်ကာလတွင် အဆောင်ခနှင့် ကျူရှင်လခများ သိသိသာသာ မြင့်တက်လာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, September 2, 2026

ယခုနှစ် အဝေးသင်ကာလတွင် အဆောင်ခနှင့် ကျူရှင်လခများ သိသိသာသာ မြင့်တက်လာ

.

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်

.

အဝေးသင်တက္ကသိုလ် ဒုတိယအသုတ်နှင့် တတိယအသုတ် အနီးကပ်နှင့် စာမေးပွဲရက်များ နီးကပ်လာသည် နှင့်အမျှ တောင်ကြီးတက္ကသိုလ် အဝေးသင် ကျောင်းသား/သူများ အဆောင်ငှားရမ်းနေထိုင်ခြင်း၊ ကျူရှင်တက် ခြင်းများ စတင်လုပ်ဆောင်လာနေရာ ယခုနှစ်တွင် အဆောင်ငှားရမ်းခနှင့် ကျူရှင်လခများ သိသိသာသာ မြင့်တက်လာသည်ဟု သိရသည်။

.

.

ယခင်က တောင်ကြီးမြို့ရှိ အဝေးသင်ကျောင်းသူ၊ ကျောင်းသားများ နေထိုင်သည့် အဆောင်များတွင် တစ်လလျှင် ၇ သောင်း၊ ၈ သောင်းကျပ်ဝန်းကျင်ဖြင့် ရရှိနိုင်သည့် အဆောင်များရှိခဲ့သော်လည်း ယခုနှစ်တွင် အဆောင်အမျိုးအစားနှင့် ကိုယ်ပိုင်အခန်းပေါ်မူတည်၍ ၁၀၀၀၀၀ ကျပ်မှ ၁၂၀၀၀၀ ကျပ်အထိ ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

.

အဆောင်ခများမှာ ရေ၊ မီးစက်၊ Wi-Fi၊ အခန်းအမျိုးအစားနှင့် ကိုယ်ပိုင်ခန်းအပေါ်မူတည်၍ ကွာခြားမှုများ ရှိသော်လည်း အနိမ့်ဆုံး ကျပ်တစ်သိန်းထက် မနည်းရှိကြောင်း ကျောင်းသား/သူများထံက သိရသည်။

.

အဆောင်ခများသာမက ကျူရှင်လခများလည်း မြင့်တက်လာပြီး ယခင်နှစ်က ၁၆၀၀၀၀မှ ၁၈၀၀၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့ရာမှ ယခုနှစ်တွင် ကျူရှင်လခများ ၂၆၄၀၀၀ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်ပြီး အဆောင်လခ၊ ကျူရှင်လခများအပြင် အခြား အထွေထွေကုန်ကျစရိတ်များလည်း ရှိနေသည့်အတွက် ကျောင်းသား/သူများ အခက်အခဲဖြစ်ပေါ်နေရကြောင်း သိရသည်။

.

“အရင်တုန်းက အဆောင်ခက ၇၀,၀၀၀ ဝန်းကျင်လောက်ဆို ရနိုင်တယ်။ အခုတော့ အဆောင်အမျိုးအစား ပေါ် မူတည်ပြီး ၁၂၀၀၀၀ လောက်အထိ ပေးရတယ်။ ရေ၊ မီးစက်၊ Wi-Fi ပါရင် ပိုပြီးဈေးကြီးတယ်။ ကျူရှင် လခကလည်း တက်လာတယ်။ အဝေးသင် လာတက်တဲ့ ကျောင်းသား/သူတွေအတွက် အခက်အခဲဖြစ်ရ တာပေါ့” ဟု ကျောင်းသူတစ်ဦးက ပြောသည်။

.

ထို့အတူ အခြား ကျောင်းသူတစ်ဦးကလည်း “အဝေးသင်ဆိုတော့ ကျောင်းကို အမြဲတမ်းတက်နေရတာ မဟုတ်ပေမဲ့ သတ်မှတ်ကာလရောက်ရင် တောင်ကြီးကိုလာပြီး အဆောင်နေ၊ ကျူရှင်တက်ရတယ်။ အဆောင်ခ၊ ကျူရှင်ခအပြင် စားစရိတ်၊ သွားလာစရိတ်တွေပါရှိတော့ စုစုပေါင်းတွက်လိုက်ရင် တော်တော် များတယ်။ အထူးသဖြင့် နောက်ဆုံးနှစ်ကျောင်းသူ/ ကျောင်းသားတွေက ကျူရှင်လခ ပိုများပါတယ်” ဟု ပြောဆိုခဲ့သည်။

.

ယင်းကဲ့သို့ အဆောင်ခနှင့် ကျူရှင်လခ တစ်ပြိုင်နက်တည်း မြင့်တက်လာခြင်းကြောင့် မိသားစုဝင်ငွေအပေါ် မှီခိုနေရသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ပညာရေးစရိတ်ကို ပိုမိုခက်ခဲစွာ စီမံနေရကြောင်း ကျောင်းသား/ ကျောင်းသူများ၏ ပြောဆိုမှုအရ သိရသည်။

.

၂၀၂၆ ပညာသင်နှစ်၊ အ‌ဝေးသင်တက္ကသိုလ် ပထမအသုတ် စာမေးပွဲများကို အောက်တိုဘာလ ၁ ရက်မှ ၇ ရက် အထိလည်းကောင်း၊ ဒုတိယအသုတ် စာမေးပွဲများကို အောက်တိုဘာ ၂၂ ရက်မှ ၃၀ ရက်အထိ လည်းကောင်း၊ တတိယအသုတ် စာမေးပွဲများကို နိုဝင်ဘာ ၁၆ ရက်မှ ၂၅ ရက်အထိ လည်းကောင်း ပြုလုပ် သွားမည်ဖြစ်ပြီး အနီးကပ် ၁၀ ဒုတိယအသုတ်နှင့် တတိယအသုတ် ဝိဇ္ဇာဘာသာရပ်များအတွက် အနီးကပ် ၁၀ ရက်ကို စာမေးပွဲ မဖြေမီ တက်ရောက်သွားရမည်ဖြစ်ကာ ကျူရှင်များလည်း စတင်ဖွင့်လှစ်သင်ကြား နေပြီဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages