တရုတ်သမ္မတ ရှီကျင့်ဖျင် အီဂျစ်သို့ ရောက်ရှိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Wednesday, September 2, 2026

တရုတ်သမ္မတ ရှီကျင့်ဖျင် အီဂျစ်သို့ ရောက်ရှိ

.

၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂ ရက်

.

တရုတ်သမ္မတ ရှီကျင့်ဖျင် ဟာ အရှေ့အလယ်ပိုင်းဒေသမှာ အီရန်စစ်ပွဲရဲ့ နောက်ဆက်တွဲအဖြစ် လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေကို နိုင်ငံတွေက ပြန်လည်သုံးသပ်နေချိန်မှာ အာရပ် ကမ္ဘာမှာ လူဦးရေ အများဆုံးနိုင်ငံဖြစ်တဲ့ အီဂျစ်နိုင်ငံကို အင်္ဂါနေ့က ရောက်ရှိလာပါတယ်။ဒါဟာ ရှီကျင့်ဖျင်အနေနဲ့ အီဂျစ် နိုင်ငံကို ဆယ်နှစ်အတွင်း ပထမဆုံးအကြိမ် လာရောက်တာလည်း ဖြစ်ပါတယ်။

.

.

အီရန်နဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်တွေ ထိခိုက်ခဲ့သလို အမေရိကန်ဟာ အရှေ့ အလယ်ပိုင်းဒေသအတွက် ရေရှည်လုံခြုံရေးမိတ်ဖက်အဖြစ် ယုံကြည်အားကိုးလို့ရမရ ဆိုတဲ့ မေးခွန်းတွေ လည်း ပေါ်ပေါက်လာပါတယ်။

.

အီဂျစ်သမ္မတ အက်ဘ်ဒယ်လ် ဖာတာအယ်လ်စီစီ ကိုယ်တိုင် ကိုင်ရိုအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ရှီကျင့်ဖျင် ကို ကြိုဆိုခဲ့ပြီး စစ်သားတွေ၊ ရိုးရာအကအဖွဲ့တွေနဲ့ တရုတ်နဲ့ အီဂျစ်အလံတွေ ကိုင်ဆောင် ထားတဲ့  လူငယ် တွေကလည်း လေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။

.

အီဂျစ်နိုင်ငံဟာ တရုတ်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တဲ့ ပထမဆုံး အာရပ်နဲ့ အာဖရိက နိုင်ငံ ဖြစ်တာ အခုဆိုရင် နှစ် ၇၀ ပြည့်ပြီဖြစ်ပါတယ်။

.

အီဂျစ်သမ္မတ စီစီကတော့ အီဂျစ်နဲ့ တရုတ်နိုင်ငံဟာ နိုင်ငံတကာစနစ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အခန်းကဏ္ဍ ပိုမိုခိုင်မာလာအောင် အတူတကွ ပူးပေါင်းဆောင်ရွက်နေတဲ့ မိတ်ဖက်နိုင်ငံတွေ ဖြစ်လာပြီလို့ ပြောထား ပါတယ်။

.

ရှီကျင့်ဖျင်ရဲ့ အီဂျစ်ခရီးစဉ်ဟာ ဒီနှစ်အတွင်း ဒုတိယအကြိမ်မြောက် ပြည်ပခရီးစဉ်ရဲ့ ဒုတိယနိုင်ငံအဖြစ် လာရောက်တာဖြစ်ပြီး အဲဒီမတိုင်ခင် ကာဂျစ္စတန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင် နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

.

တရုတ်အစိုးရပိုင် သတင်းဌာန ရှင်ဟွာမှာ ဖော်ပြထားတဲ့ ရှီကျင့်ဖျင်ရဲ့ မှတ်ချက်အရ တရုတ်နဲ့ အီဂျစ်ဟာ နယ်ချဲ့ဝါဒနဲ့ ကိုလိုနီဝါဒကို ရင်ဆိုင်ရာမှာ အပြန်အလှန် ရပ်တည်ပေးနေတဲ့ ရင်းနှီးတဲ့ ညီအစ်ကိုနိုင်ငံတွေ ဖြစ်တယ်လို့ ဆိုထားပြီး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေဖို့ ဆန္ဒရှိတယ်လို့ ပြောပါ တယ်။

.

အီဂျစ်နိုင်ငံဟာ အမေရိကန်ဆီက တစ်နှစ်ကို ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံခန့် စစ်ရေးအကူအညီ ရရှိနေတဲ့ နိုင်ငံဖြစ်ပေမဲ့ တရုတ်နဲ့ စစ်ရေးဆက်ဆံရေးကိုလည်း ပိုမိုတိုးမြှင့်လာနေပါတယ်။

.

ပြီးခဲ့တဲ့လက အီဂျစ်နဲ့ တရုတ်တို့ ဒုတိယအကြိမ်မြောက် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး တရုတ်ရဲ့ J-16 တိုက်လေယာဉ်တွေကို အာဖရိကတိုက်မှာ ပထမဆုံးအကြိမ် ဖြန့်ကျက်အသုံးပြုခဲ့ပါတယ်။ တရုတ်လုပ် J-16 တိုက်လေယာဉ်တွေနဲ့ ပြင်သစ်လုပ် Rafale တိုက်လေယာဉ်တွေကြား လေကြောင်း တိုက်ပွဲပုံစံ စစ်ရေး လေ့ကျင့်မှုလည်း ပြုလုပ်ခဲ့ပါတယ်။

.

အီဂျစ်ဟာ ၂၀၁၄ ခုနှစ်ကတည်းက တရုတ်နဲ့ ဆက်ဆံရေးပိုမိုနက်ရှိုင်းအောင် ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ လက်ရှိ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲနဲ့ အီရန်စစ်ပွဲတွေကြောင့် အမေရိကန်ရဲ့ ယုံကြည်စိတ်ချရမှုနဲ့ မူဝါဒပြောင်းလဲနိုင်မှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာတာကြောင့် အီဂျစ်အနေနဲ့ တရုတ်၊ ရုရှားနဲ့ ဥရောပနိုင်ငံတွေနဲ့ပါ ဆက်ဆံရေးကို မျှတအောင် တိုးချဲ့လိုနေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

.

အီဂျစ်ဟာ အစ္စရေး၊ ဆူဒန်နဲ့ လစ်ဗျားနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေသလို ကမ္ဘာ့ကုန်သွယ်ရေး အတွက် အရေးပါတဲ့ စူးအက်တူးမြောင်းကိုလည်း ပိုင်ဆိုင်ထားတာကြောင့် အရှေ့အလယ်ပိုင်းရဲ့ မတည်ငြိမ်တဲ့ လုံခြုံရေးအခြေအနေမှာ မဟာဗျူဟာအရ အရေးပါတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

.

တစ်ဖက်မှာလည်း အီဂျစ်နိုင်ငံအတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ မကြာသေးခင်နှစ်တွေအတွင်း သိသိသာသာ တိုးလာပြီး ထုတ်လုပ်ရေး၊ ဆိပ်ကမ်းလုပ်ငန်း၊ နေရောင်ခြည်စွမ်းအင်၊ Green Hydrogen နဲ့ ဂြိုဟ်တု နည်းပညာ စတဲ့ ကဏ္ဍတွေမှာ ဒေါ်လာဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံထားပါတယ်။

.

လေ့လာသူတွေကတော့ အီဂျစ်ဟာ အရှေ့အလယ်ပိုင်း၊ အာဖရိကနဲ့ ပါလက်စတိုင်းအရေးတို့နဲ့ တစ်ပြိုင်နက် တည်း ဆက်စပ်နေတဲ့အတွက် ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်အတွက် အရေးပါတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

.

ပြီးခဲ့တဲ့အပတ်ကလည်း ရှီကျင့်ဖျင်ဟာ ဂျော်ဒန်ဘုရင် အဗ္ဒူလာ ကို တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ လက်ခံ တွေ့ဆုံခဲ့ပြီး ပါလက်စတိုင်းအရေးနဲ့ ပါလက်စတိုင်းပြည်သူတွေရဲ့ အခွင့်အရေးကိစ္စတွေကို အဓိက ဆွေးနွေး ခဲ့ပါတယ်။

.

ရှီကျင့်ဖျင်ဟာ ဒီလအတွင်း အိန္ဒိယနဲ့ အမေရိကန်နိုင်ငံတွေကိုလည်း ဆက်လက်သွားရောက်ဖို့ ရှိနေပါတယ်။

.

No comments:

Post a Comment

Pages