ကနေဒါစစ်စခန်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် မြက်ခင်းမီးလောင်၊ လူ ၄ ဦးသေဆုံးပြီး ၃၉ ဦး ဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, October 19, 2026

ကနေဒါစစ်စခန်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် မြက်ခင်းမီးလောင်၊ လူ ၄ ဦးသေဆုံးပြီး ၃၉ ဦး ဒဏ်ရာရ

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်

.

ကနေဒါနိုင်ငံ အယ်လ်ဘာတာပြည်နယ်ရှိ စစ်စခန်းတစ်ခုမှာလေပြင်းတိုက်ခတ်ကာ မြက်ခင်းမီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် စစ်သားအပါအဝင် အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပြီး လူ ၃၉ ဦး ဆေးရုံတင်ထားရကာ ၁၉ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ကနေဒါအာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြော ပါတယ်။

.

.

အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ မီးလောင်မှုဟာ စစ်သားတွေ လေ့ကျင့်ရေးလုပ်နေတဲ့ Canadian Forces Base Wainwright စစ်စခန်းအတွင်း လောင်ကျွမ်းနေတဲ့ မြက်ခင်းမီးကနေ စတင်ခဲ့တာဖြစ် ပါတယ်။ အောက်တိုဘာ ၁၇ ရက် စနေနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီလောက်မှာ စတင်ခဲ့တဲ့ မီးကို လေတိုက်နှုန်း တစ်နာရီ ၉၆ ကီလိုမီတာအထိ ရှိတဲ့ လေပြင်းတွေက ပိုမိုပြင်းထန်စေခဲ့တာပါ။

.

ကနေဒါ အမှတ် ၁ တပ်မတော်တပ်မကြီးရဲ့ တပ်မှူး ဗိုလ်ချုပ် ဝိတ် ရတ်လန်းက ဒီမီးလောင်မှုဟာ ရှားရှားပါးပါး ကြုံတွေ့ရတဲ့အပြင် အလွန်လျင်မြန်စွာ ပျံ့နှံ့ခဲ့တဲ့ ဖြစ်စဉ်တစ်ခုလို့ ပြောပါတယ်။

.

“ဒီလိုဖြစ်ရပ်မျိုး ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး” လို့ အယ်လ်ဘာတာပြည်နယ် အက်ဒ်မွန်တန်မြို့မှာ အခြေစိုက်တဲ့ တပ်မကြီးရဲ့ တပ်မှူးက ပြောပါတယ်။

.

ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနီကလည်း ဒီမီးလောင်မှုဟာ ကနေဒါစစ်တပ်အတွက် ငြိမ်းချမ်းရေးကာလ အတွင်း ပြည်တွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အဆိုးရွားဆုံးဖြစ်ရပ်တွေထဲက တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

.

“ကျွန်တော်တို့ ဆုံးရှုံးလိုက်ရတဲ့ ရဲရင့်တဲ့ စစ်သည်တွေအတွက် တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲနေ ရပါတယ်” လို့ ကာနီက ပြောကြားခဲ့ပြီး သေဆုံးသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတစ်ဝန်းရှိ ဖက်ဒရယ်အစိုးရ အဆောက်အအုံတွေမှာ နိုင်ငံတော်အလံတွေကို တိုင်တစ်ဝက် လျှော့ချလွှင့်ထူဖို့ ညွှန်ကြားခဲ့ပါတယ်။

.

၂၀၂၁ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်တွေအရ အဲဒီစစ်စခန်းမှာ စစ်ဘက်နဲ့ အရပ်ဘက်ဝန်ထမ်း စုစုပေါင်း ၁,၃၁၀ ဦး တာဝန်ထမ်းဆောင်နေပါတယ်။ ကနေဒါ ကာကွယ်ရေးဝန်ကြီး ဒေးဗစ် မက်ဂွင်တီ ကလည်း ဖြစ်စဉ်နဲ့ပတ်သက်ပြီး အခြေအနေရှင်းလင်းတင်ပြမှုတွေ လက်ခံရယူဖို့ မြို့ကို သွားရောက်မယ်လို့ ပြောပါတယ်။

.

အဲဒီစစ်စခန်းမှာ တပ်မတော်အတွက် စစ်ရေးလေ့ကျင့်မှုတွေနဲ့ စစ်ဆင်ရေးပုံစံ လေ့ကျင့်ခန်းတွေ ပြုလုပ်ပေး တဲ့ Canadian Manoeuvre Training Centre ကိုလည်း ဖွင့်လှစ်ထားပါတယ်။ မီးလောင်မှု ကြောင့် ထိခိုက်ခဲ့သူ တွေဟာ နိုင်ငံတစ်ဝန်းရှိ စစ်စခန်းအသီးသီးက လာရောက်လေ့ကျင့်နေသူတွေ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

.

စစ်ဘက်နဲ့ အရပ်ဘက် မီးသတ်သမားတွေဟာ ညလုံးပေါက် မီးငြှိမ်းသတ်ခဲ့ကြပြီး အလွန်ဆိုးရွားတဲ့ အခြေ အနေတွေအောက်မှာ လုပ်ဆောင်ခဲ့ရတယ်လို့ ကာနီက ပြောပါတယ်။

.

အက်ဒ်မွန်တန်နဲ့ ဝိုင်နရိုက်မြို့ကနေ ကီလိုမီတာ ၃၀၀ လောက်ဝေးတဲ့ ဆက်စ်ကာတွန်းမြို့တို့က လေကြောင်း လူနာတင်ယာဉ်တွေဟာ စနေနေ့မှာ စစ်စခန်းကို သွားရောက်ခဲ့ကြပါတယ်။ ဒဏ်ရာရသူတွေကို အက်ဒ်မွန်တန်၊ ဝိုင်နရိုက်၊ ကယ်လ်ဂရီနဲ့ ရက်ဒ်ဒီယာမြို့တွေရှိ ဆေးရုံတွေမှာ ကုသပေးနေတယ်လို့ သိရပါတယ်။

.

CBC သတင်းဌာနရဲ့ ဖော်ပြချက်အရ အက်ဒ်မွန်တန်မြို့က ကျန်းမာရေးဝန်ထမ်းတွေဟာ ဝိုင်နရိုက် စစ်စခန်း ကနေ လူနာတွေကို ပို့ဆောင်လာချိန်မှာ အရေးပေါ်လူနာအများအပြားကို တစ်ပြိုင်နက်တည်း ကုသနိုင်ဖို့ “Code Orange” အရေးပေါ်အခြေအနေကို ကြေညာခဲ့ပါတယ်။

.

လူဦးရေ ၆,၆၀၀ ခန့်ရှိတဲ့ ဝိုင်နရိုက်မြို့ဟာ စစ်စခန်းရဲ့ မြောက်ဘက်မှာ တည်ရှိပါတယ်။ မြူနီစီပယ် အာဏာ ပိုင်တွေရဲ့ လူမှုကွန်ရက်ထုတ်ပြန်ချက်အရ မီးဟာ စစ်စခန်းခြံစည်းရိုးကို ကျော်လွန်ပြီး အနီးအနားဒေသကို ကူးစက်ခဲ့ပေမဲ့ ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ တနင်္ဂနွေနေ့မှာတော့ မီးဟာ လက်ရှိနယ်နိမိတ်ထက် ကျော်လွန်ပျံ့နှံ့လာဖို့ မမျှော်လင့်ထားဘူးလို့ အာဏာပိုင် တွေက ပြောပါတယ်။

.

Ref – Reuters

.

No comments:

Post a Comment

Pages