ဂိုဒေါင်ညဈေး ဖွင့်လှစ်ထားသည့် တောင်ကြီး ကုန်သည်လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏဖြစ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, October 19, 2026

ဂိုဒေါင်ညဈေး ဖွင့်လှစ်ထားသည့် တောင်ကြီး ကုန်သည်လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏဖြစ်နေ

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ကုန်သည်လမ်းရှိ ဂိုဒေါင်ညဈေး ဖွင့်လှစ်ထားသည့်နေရာတွင် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်နေပြီး ဈေးဆိုင်ဖွင့်လှစ်ရောင်းချသူများနှင့် ယင်းလမ်းမှ ဖြတ်သန်းသွားလာနေသူများ အခက်အခဲ ကြုံတွေ့နေရသည်ဟု သိရသည်။

.

.

ကုန်သည်လမ်းပေါ်တွင် ဂိုဒေါင်ညဈေး ဖွင့်လှစ်ပြီးနောက် ယာဉ်အသွားအလာ ခက်ခဲပြီး ယာဉ်ကြော ပိတ်ဆို့မှုကြောင့် ယင်းလမ်းအတွင်း ဈေးရောင်းချနေသည့် ဈေးဆိုင်များ အရောင်းအဝယ် ကျဆင်းလာနေ ကြောင်း ဈေးသည်များထံက သိရသည်။

.

“အရင်က လမ်းနှစ်ဖက်ရှိတော့ အဆင်ပြေတယ်။ အခုတော့ သွားလာတဲ့ကား/ဆိုင်ကယ်တွေလည်း ဒီလမ်း ကပဲသွား၊ ကုန်တင်ကုန်ချလုပ်တော့လည်း ဒီနေရာပဲ ဆိုတော့ လမ်းက အမြဲလိုလို ပိတ်နေတယ်။ အဲဒီလို ပိတ်နေတာကြောင့် ဈေးဝယ်သူတွေက ဒီလမ်းထဲကို မလာကြတော့ ရောင်းအား တော်တော်လေး ကျဆင်း သွားပါတယ်” ဟု ကုန်သည်လမ်းအတွင်း ၁၀ နှစ်ကျော်ကြာ ဈေးရောင်းချလာသူတစ်ဦးက ပြောသည်။

.

ယခင်က ကုန်သည်လမ်းတွင်ပေါ်တွင် ယာဉ်သွားလာမှုနှင့် ဆိုင်ကယ်ရပ်နားမှုများ အဆင်ပြေခဲ့သော်လည်း ယခုအခါ ယာဉ်ကြောပိတ်ဆို့မှုကြောင့် ဆိုင်ကယ်ရပ်နားရန်ပင် အခက်အခဲဖြစ်နေရသည်ဟု ဒေသခံတစ်ဦး ကလည်း ပြောဆိုခဲ့သည်။

.

‎‎ထို့အပြင် ညဈေးဖွင့်လှစ်ထားသည့်နေရာအနီးတွင် ရေမြောင်း အနံ့ဆိုးများ ထွက်ပေါ်နေပြီး ကြွက်နှင့် ခြင်များလည်း ပိုမိုတွေ့လာရသဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုများရှိကြောင်း ဒေသခံများထံက သိရသည်။

.

“ညဈေးတန်း ဆိုတာ မြို့ရဲ့ အထင်ကရနေရာ ဖြစ်ရမှာ။ မကြာခင် တန်ဆောင်တိုင်ကာလ ရောက်တော့မယ်။ ပြည်တွင်း/ပြည်ပက ဧည့်သည်တွေ တောင်ကြီးကို အများဆုံး လာကြမယ်။ ဒီလို လမ်းတွေကပိတ်၊ ည ဈေးတန်းက အနံ့အသက်မကောင်းနဲ့ဆို မြို့ပုံရိပ်ကို ထိခိုက်စေမှာပါ” ဟု တောင်ကြီးဒေသခံတစ်ဦးက ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။

‎.

မကြာမီ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလသို့ ရောက်ရှိတော့မည်ဖြစ်ရာ အဆိုပါ ဂိုဒေါင်ညဈေး တည်ရှိရာ ကုန်သည်လမ်းအတွင်း ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန်၊ ယာဉ်များ စနစ်တကျရပ်နား နိုင်ရန်နှင့် ဈေးသည်များ ကုန်ပစ္စည်းတင်ချရာတွင် အဆင်ပြေစေရန် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကြိုတင်စီမံဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

တောင်ကြီးမြို့၊ တပင်ရွှေထီးလမ်းရှိ နာရီစင်ညဈေး နေရာတွင် သီဟကုမ္ပဏီမှ ၇ ထပ် ကားပါကင် အဆောက်အဦ ဆောက်လုပ်ရန်အတွက် ယင်းနေရာရှိ ညဈေး ဈေးသည်များကို မြို့မဈေး မြောက်ဘက်၊ ကုန်သည်လမ်း၊ ဂိုဒေါင်ညဈေးသို့ ပြီးခဲ့သည့် မေလ ၁၆ ရက်ကတည်းက ပြောင်းရွှေ့ပေးခဲ့ခြင်း ဖြစ်ပြီး ဂိုဒေါင်ညဈေးသို့ စတင်ပြောင်းရွှေ့ရချိန်ကတည်းက ဈေးသည်များအပြင် ကုန်သည်လမ်းမှ ဖြတ်သန်း သွားလာနေသည့် ဒေသခံပြည်သူများ အဆင်မပြေ ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages