.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်
.
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခွန်ထီယန်ခရိုင်၊
စမဲဒမ်ဧရိယာ ဘန်ခွန်ထီယန်-ချိုင်သလေးလမ်းပေါ်က ဂိုဒေါင်တစ်ခုကို
ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) လက်အောက်ခံ
စားသုံးသူကာကွယ်ရေး ရဲတပ်ဖွဲ့ (CPPD) နဲ့ မွေးမြူရေးဦးစီးဌာန
တိရစ္ဆာန်ဆေးစစ်ဆေးရေးနဲ့ ကွာရန်တင်းဌာနတို့ ပူးပေါင်းပြီး တရားရုံးဝရမ်းနဲ့
ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
.
.
အဲဒီဂိုဒေါင်မှာ ခွင့်ပြုချက်မရှိဘဲ
တိရစ္ဆာန်ထွက်ကုန်တွေ မှောင်ခိုတင်သွင်းပြီး သိုလှောင်ထားတယ် ဆိုတဲ့ သတင်းအရ
ရှာဖွေခဲ့တာဖြစ်ပြီး ဆားနယ်ထားတဲ့ ဝက်အူတွေထည့်ထားတဲ့ အပြာရောင်စည် ၃၆ စည်ကို ၅
တန် တွေ့ရှိခဲ့ပါတယ်။
.
အဲဒီဝက်အူတွေကို ဂိုဒေါင်အရှေ့ဘက်မှာ
သန့်ရှင်းမှုမရှိတဲ့ အခြေအနေနဲ့ သိုလှောင်ထားတာတွေ့ရပြီး စားသုံးသူတွေရဲ့
ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးကို ထိခိုက်နိုင်တဲ့ အခြေအနေဖြစ်တယ်လို့ စစ်ဆေး တွေ့ရှိထားပါတယ်။
.
ကနဦးစစ်ဆေးချက်အရ ဝက်အူတွေဟာ တရုတ်နိုင်ငံကနေ
တင်သွင်းလာတာဖြစ်ပြီး အဲဒီဂိုဒေါင်ကို စားသောက်ဆိုင်တွေထံ ဖြန့်ဝေပို့ဆောင်ဖို့
သိုလှောင်ရာနဲ့ ဖြန့်ချိရာနေရာအဖြစ် အသုံးပြုထားတာ ဖြစ်ပါ တယ်။ ပို့ဆောင်ရာမှာလည်း
နိုင်ငံခြားပိုင် သယ်ယူပို့ဆောင်ရေးကုမ္ပဏီရဲ့ အွန်လိုင်းမှာယူစနစ်ကို အသုံးပြု ထားတယ်လို့
သိရပါတယ်။ ဖမ်းဆီးရမိတဲ့ ဝက်အူတွေဟာ ဘတ် ၅၀၄,၀၀၀
တန်ဖိုးရှိပါတယ်။
.
ခွင့်ပြုချက်မရှိဘဲ တိရစ္ဆာန်ထွက်ကုန်တွေ တင်သွင်းတာနဲ့
ခွင့်ပြုချက်မရှိဘဲ ပြည်နယ်တစ်ခုကနေ တစ်ခုကို သယ်ယူတာတွေဟာ
တိရစ္ဆာန်ရောဂါဆိုင်ရာဥပဒေအရ ပြစ်မှုမြောက်ပြီး ထောင်ဒဏ် ၂ နှစ်အထိ၊ ဒဏ်ငွေ ဘတ်
၂၀၀,၀၀၀ အထိ ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ပါတယ်။
.
ဒါ့အပြင် အကောက်ခွန်ပြစ်မှုနဲ့ ဆက်စပ်ပြီး
ကုန်ပစ္စည်းတွေကို ဖုံးကွယ်တာ၊ ရောင်းချတာ ဒါမှမဟုတ် လက်ခံ တာတွေ ရှိ၊ မရှိကိုလည်း
အာဏာပိုင်တွေက ဆက်လက်စစ်ဆေးနေပါတယ်။
.
ဖမ်းဆီးရမိတဲ့ ဝက်အူတွေကို CPPD ရဲ့
တပ်ဖွဲ့ခွဲ ၂ က စုံစမ်းစစ်ဆေးရေးအဖွဲ့ထံ လွှဲပြောင်းဖို့ သိမ်းဆည်း ထားပြီး
ကုန်ပစ္စည်းတွေကို ကိုင်တွယ်ထားသူတွေကိုလည်း တရားဝင်ကုန်ပစ္စည်း ဖြစ်ကြောင်း
ပြသနိုင်တဲ့ စာရွက်စာတမ်းတွေ တင်ပြခွင့်ပေးထားပါတယ်။ စာရွက်စာတမ်းမပြနိုင်ရင်
ထိရောက်စွာ အရေးယူသွားမယ် လို့ အာဏာပိုင်တွေက ပြောပါတယ်။
.
လက်ရှိမှာတော့ ဝက်အူပိုင်ရှင်၊ ဂိုဒေါင်လုပ်ကိုင်သူနဲ့
ဒီဖြစ်စဉ်မှာ ပါဝင်သူတွေကို ဖမ်းဆီးတရား စွဲဆိုနိုင်ရေး စုံစမ်းစစ်ဆေးမှုတွေ
ဆက်လက်လုပ်ဆောင်နေပါတယ်။
.
Ref – The Nation
.

No comments:
Post a Comment