အေးသာယာ စက်မှုဇုန် တိုးချဲ့မြေပေါ်ရှိ နေအိမ်များ ဖယ်ရှားခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Thursday, October 22, 2026

အေးသာယာ စက်မှုဇုန် တိုးချဲ့မြေပေါ်ရှိ နေအိမ်များ ဖယ်ရှားခံရ

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ် (၁၂) ရပ်ကွက်ရှိ စက်မှုဇုန် တိုးချဲ့မြေ ဧရိယာပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားသည်ဟုဆိုကာ နေအိမ်များ ယနေ့ အောက်တိုဘာ ၂၂ ရက်တွင် ဖယ်ရှားခံခဲ့ရသည်ဟု သိရသည်။

.

.

ယင်းနေအိမ်ခြံဝိုင်း များသည် မြေပေးမိန့် ခွင့်ပြုထားခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ၂၁ ရက်အတွင်း ပြောင်းရွှေ့ဖယ်ရှားပေးရန် ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်က သတိပေးအကြောင်းကြားစာ ကပ်ထား ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

.

“ရွှေ့စရာလည်းမရှိဘူး၊ နေစရာလည်း မရှိဘူး။ ကလေးတွေ ကလည်း ကျောင်းတက်ရင်း တန်းလန်းနဲ့ အားလုံးဒုက္ခရောက်ကုန်တာပေါ့။ အိမ်ဝိုင်းတစ်ကွက်ဆိုတာ သိန်း ထောင်ချီ ပေါက်နေတော့ မဝယ်နိုင်ဘူး။ ဘာမှမတတ်နိုင်ဘူး။ ဒီအတိုင်းပဲ ထိုင်ကြည့်နေရတာပေါ့” ဟု အဆိုပါနေရာတွင် ၁၀ နှစ်ကျော်ကြာ နေထိုင် နေသူတစ်ဦးက ပြောသည်။

.

ယင်းကဲ့သို့ နေအိမ်ဖယ်ရှားခံရမည့် အခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူ များထံ အသနားခံစာတင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရသည်ဟု သိရသည်။

.

“မဖြစ်မနေ ဖယ်ရမယ်ဆိုရင်တောင် ၃ လ/၆ လလောက် ဆိုင်းငံ့ပေးစေချင်တာပေါ့။ အခု ချက်ချင်းကြီး ဆိုတော့ နေစရာနေရာမရှိတော့ဘူး။ စစ်ဘေးရှောင်ရင်း ဒီမှာ လာနေတာ ထပ်ပြီး ဒုက္ခပြန်ရောက်တာပေါ့။ နိုင်ငံတော်ပိုင်ဆိုတာ သိရင် ကျွန်မတို့လည်း အစကတည်းက မဝယ်ပါဘူး” ဟု နေအိမ်ဖယ်ရှားခံရသူ တစ်ဦး ကလည်း ပြောဆိုခဲ့သည်။

.

လက်ရှိတွင် မြေပေးမိန့် ရရှိထားသည့် နေအိမ်များကို ဖယ်ရှားခြင်းမပြုဘဲ မြေပေးမိန့် မရှိသည့် နေအိမ် အလုံး ၃၀ ကို စတင်ဖယ်ရှားခြင်းဖြစ်ပြီး စုစုပေါင်း နေအိမ် ၂၁၁ လုံး ဖျက်သိမ်းဖယ်ရှားသွားမည်ဖြစ်ကြောင်း သိရသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ကြည်က “ဒီနေ့ နို့တစ်စာ ရက်ပြည့်သွားလို့ ဖျက်တာပါ။ အားလုံးတော့မဟုတ်ဘူး။ မြေပေးမိန့် ရှိတဲ့အိမ်တွေကို မဖျက်ဘူး။ ကျန်တဲ့အိမ်တွေကို နောက် ၁၅ ရက်နေရင် ထပ်ဖျက်မှာပါ” ဟု ပြောဆိုခဲ့သည်။

.

ထို့အပြင် အဆိုပါ စက်မှုဇုန်တိုးချဲ့မြေဧရိယာပေါ်တွင် မြေပေးမိန့်နှင့် လုပ်ငန်းလုပ်ကိုင်ခွင့် ရယူထားပြီး သတ်မှတ် ကာလအတွင်း လုပ်ငန်းလုပ်ကိုင်ခြင်း မရှိပါက မြေကာလတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်ကာ ဒဏ်ကြေး မပေးဆောင်နိုင်ပါက အသုံးပြုခွင့်ပါမစ်နှင့် မြေကွက်ကို ပြန်လည် သိမ်းယူသွားမည်ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages