.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ
တိုက်နယ်ဆေးရုံတွင် ရေဝပ်ပြီး အနံ့အသက် ဆိုးများ ထွက်ပေါ်နေသဖြင့် လူနာများ၊ လူနာစောင့်များနှင့်
ဆေးရုံဝန်ထမ်းများအတွက် အခက်အခဲများ ဖြစ်ပေါ်နေရသည်ဟု သိရသည်။
.
.
ဆေးရုံပတ်ဝန်းကျင်ရှိ ရေမြောင်းများတွင် ရေစီးရေလာ မကောင်းမွန်သည့်အတွက်
မိုးရွာသွန်းသည့် ကာလ တစ်လျှောက် ဆေးရုံလူနာဆောင်များနှင့် ဆေးရုံဝင်းအတွင်း
ရေများ ရေရှည်ဝပ်ကျန်နေခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ရေဝပ်ကျန်ရှိသည့်နေရာများတွင် ခြင်များ
ပေါက်ဖွားနိုင်ပြီး သွေးလွန်တုပ်ကွေးအပါအဝင် ခြင်မှ တစ်ဆင့် ကူးစက်တတ်သည့်
ရောဂါများ ဖြစ်ပွားနိုင်သည့်အပြင် ရေပုပ်များမှ ထွက်ပေါ်လာသည့်
အနံ့ဆိုးများကြောင့် ဆေးရုံသို့ လာရောက်ကုသသည့် လူနာများ၊ လူနာစောင့်များနှင့်
ဆေးရုံဝန်ထမ်းများ အတွက်လည်း အဆင်မပြေမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
.
“အခုလို ရေရှည် ရေဝပ်နေတဲ့ ပြဿနာကို စည်ပင်သာယာဌာနနဲ့ သက်ဆိုင်ရာ
တာဝန်ရှိသူတွေ အနေနဲ့ ရေမြောင်း ပြန်လည်တူးဖော်ပေးတာ၊ သန့်ရှင်းရေးလုပ်ပေးတာတွေ ကူညီဆောင်ရွက်ပေးစေလိုပါတယ်”
ဟု ရွှေညောင်တိုက်နယ်ဆေးရုံ ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်၊ ဒါနဥပပါရမီသွေးလှူရှင်အသင်း
ဥက္ကဋ္ဌက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဆေးရုံဝင်းအတွင်း ရေဝပ်နေခြင်းကြောင့် သွားလာရေးအတွက်လည်း
အခက်အခဲများရှိနေပြီး ပြည်သူများ ကျန်းမာရေးအတွက် အားကိုးအားထားပြုရာ
ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသာယာရေးကို အလေးထား ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း ၎င်းက
ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရွှေညောင်တိုက်နယ်ဆေးရုံမှ တာဝန်ရှိသူအား
ဆက်သွယ်မေးမြန်း ရာတွင် “အခု ဆေးရုံမှာ အရှေ့မျက်နှာစာကို အလှူရှင်တွေနဲ့ အုတ်တံတိုင်း
လုပ်နေပါတဘ်။ အုတ်တံတိုင်း ပြီးသွားရင် ရေစီးရေလာ ကောင်းသွားရင် အတွင်းဘက်ကနေ မြေဖို့သင့်တာဖို့ပြီး
လုပ်ဆောင်ရမှာပါ” ဟု ပြန်လည် ဖြေကြားခဲ့သည်။
.
ယင်းကဲ့သို့ ရေဝပ်ပြီး အနံ့အသက်ဆိုးများ ထွက်ပေါ်နေမှုနှင့်
ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ
ပူးပေါင်းကာ ရေမြောင်းများ ပြန်လည်တူးဖော်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရန်
ဆောင်ရွက်ခြင်းနှင့် ဆေးရုံဝင်းအတွင်း သန့်ရှင်းရေးလုပ်ဆောင်ခြင်းတို့ကို
အမြန်ဆုံး ကူညီဖြေရှင်းပေးရန် ဆေးရုံကြီးကြပ်ရေးကော်မတီက တောင်းဆိုထားဟု သိရသည်။
.

No comments:
Post a Comment