.
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်
.
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ဘောလိဝုဒ်မင်းသား
တိုင်ဂါး ရှရော့ဖ်ကို သေနတ်နဲ့ ပစ်ခတ်ဖို့ ကြိုးစားမှု ဖြစ်ပွားခဲ့ ပေမဲ့ မင်းသားမှာ သေနတ်ဒဏ်ရာ မရခဲ့ဘူးလို့ ရဲတပ်ဖွဲ့က
ပြောပါတယ်။
.
.အသက် ၃၆ နှစ်အရွယ် တိုင်ဂါး ရှရော့ဖ်ဟာ တနင်္ဂနွေနေ့ညက
ဂျူဟူးအရပ်မှာ ဘောလုံးကွင်းကနေ ကားနဲ့ ထွက်လာချိန် ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။
ထွက်ပေါ်လာတဲ့ ဗီဒီယိုတွေအရ လူအုပ်ကြားကနေ ကားက ဖြည်းဖြည်းမောင်းထွက်လာချိန်မှာ
လူနှစ်ဦးထက်မနည်းက ကားရဲ့ ရှေ့ခန်းဘက်ကို အနီးကပ် သေနတ်နဲ့ အကြိမ်ကြိမ်
ပစ်ခတ်ခဲ့တာကို တွေ့ရပါတယ်။
.
ပစ်ခတ်မှုကြောင့် တိုင်ဂါး ရှရော့ဖ်ရဲ့
ယာဉ်မောင်းအပါအဝင် လူ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြော ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တနင်္လာနေ့မှာ ရာဂျက်စသန်ပြည်နယ်အတွင်း လူ ၃ ဦးကို ဖမ်းဆီး
ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
.
အဆိုပါပစ်ခတ်မှုကြောင့် ဘောလိဝုဒ်လောကအတွင်း
စိုးရိမ်မှုတွေ မြင့်တက်လာပြီး မင်းသားရဲ့ လုံခြုံရေး အတွက် သရုပ်ဆောင်တွေကလည်း
စိုးရိမ်ကြောင်း ပြောဆိုနေကြပါတယ်။ မွမ်ဘိုင်းမြို့မှာလည်း မကြာသေးခင်နှစ်တွေက
သရုပ်ဆောင်တွေနဲ့ နိုင်ငံရေးသမားတချို့ သေနတ်သမားတွေရဲ့ ပစ်ခတ် တိုက်ခိုက်မှုကို
ခံခဲ့ရပါတယ်။
.
တိုင်ဂါး ရှရော့ဖ်ဟာ နာမည်ကြီး ဘောလိဝုဒ်မင်းသားဟောင်း
ဂျက်ကီ ရှရော့ဖ်ရဲ့ သားဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ Heropanti ဇာတ်ကားနဲ့
ရုပ်ရှင်လောကထဲ စတင်ဝင်ရောက်ခဲ့ပါတယ်။ အက်ရှင်ဇာတ်ကားတွေမှာ အများအပြား
ပါဝင်ခဲ့ပြီး အကနဲ့ ကိုယ်ခံပညာကျွမ်းကျင်မှုကြောင့် ပရိသတ်ကြား လူကြိုက်များသူလည်း
ဖြစ်ပါတယ်။
.
ပစ်ခတ်မှုဖြစ်ချိန်မှာတော့ ပုံမှန်ဘောလုံးလေ့ကျင့်မှု
ပြီးဆုံးပြီး ဘောလုံးကွင်းကနေ ပြန်ထွက်လာ တာဖြစ်ပါတယ်။ မဟာရက်ရှ်ထရာပြည်နယ်
ဒုတိယဝန်ကြီးချုပ် အက်ခ်နတ် ရှင်ဒေးက ပစ်ခတ်မှုဖြစ်ပြီးနောက် တိုင်ဂါး ရှရော့ဖ်ကို
သွားရောက်တွေ့ဆုံခဲ့ပြီး ဒီဖြစ်စဉ်ကြောင့် မင်းသား စိတ်ထိခိုက်တုန်လှုပ်ခဲ့တယ်လို့
ပြောပါတယ်။ ပြည်နယ်ဝန်ကြီးချုပ် ဒေဗန်ဒရာ ဖဒ်နာဗစ်ကလည်း ဒီဖြစ်စဉ်ဟာ ပြင်းထန်ပြီး
ရှုတ်ချဖွယ်ဖြစ်တယ်လို့ ပြောကာ တာဝန်ရှိသူတွေကို မကြာခင် ဖမ်းဆီးမယ်လို့ ဆိုပါတယ်။
.
ရာဂျက်စသန်ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ထိန်းသိမ်းထားသူ ၃ ဦးထဲက
၂ ဦးဟာ ဟာရီယာနာနဲ့ ဘီဟာပြည်နယ်တွေကဖြစ်ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက
မွမ်ဘိုင်းမှာ နေထိုင်နေသူတွေ ဖြစ်ပါတယ်။ တတိယတစ်ဦးကတော့ အရွယ်မရောက်သေးသူ
ဖြစ်ပါတယ်။ သူတို့ကို မွမ်ဘိုင်း ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးသွားမယ်လို့ သိရပါတယ်။
.
All Indian Cine Workers Association ကလည်း
ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ရုပ်ရှင်လောကထဲက လူတွေကို ရာဇဝတ်ဂိုဏ်းတွေက
ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ ကြောက်ရွံ့မှုတွေ ဖန်တီးပြီး ငွေညှစ်ဖို့
ကြိုးစားနေ တယ်လို့ စွပ်စွဲပါတယ်။
.
ပစ်ခတ်မှုနောက်ကွယ်မှာ ဘယ်သူတွေ ပါဝင်တယ်ဆိုတာကို
ရဲတပ်ဖွဲ့က အတည်ပြုထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် အိန္ဒိယမီဒီယာတွေမှာတော့
လောရင့်စ် ဘစ်ရှနွိုင်း ရာဇဝတ်ဂိုဏ်းနဲ့ ဆက်နွှယ်သူတစ်ဦးက ပစ်ခတ်မှုကို
သူတို့လုပ်တာဖြစ်တယ်လို့ ပြောထားတဲ့ အသံဖိုင်တစ်ခု ထွက်ပေါ်လာတယ်လို့
ဖော်ပြနေကြပါတယ်။
.
အဲဒီအသံဖိုင်ရဲ့ အမှန်တကယ်ဖြစ်မှုနဲ့ ပြောဆိုချက်
တွေကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို ရဲတပ်ဖွဲ့ကလည်း အဆိုပါဂိုဏ်း
ပါဝင်ပတ်သက်မှုကို အတည်ပြုထားခြင်း မရှိသေးပါဘူး။
.
Ref – BBC
.

No comments:
Post a Comment