ထရမ့်က ရုရှားအပေါ် ချမှတ်မယ့် အဓိကပိတ်ဆို့မှုနဲ့ အခွန်တွေ မစတင်ခင် ရုပ်သိမ်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Saturday, October 17, 2026

ထရမ့်က ရုရှားအပေါ် ချမှတ်မယ့် အဓိကပိတ်ဆို့မှုနဲ့ အခွန်တွေ မစတင်ခင် ရုပ်သိမ်း

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်

.

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့လမှာ သူကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့တဲ့ ဥပဒေအရ ရုရှား အပေါ် ချမှတ်ဖို့ရှိတဲ့ အဓိကပိတ်ဆို့မှုတွေနဲ့ အခွန်တွေကို စတင်မသက်ရောက်ခင် ရက်ပိုင်း အလိုမှာပဲ ကင်းလွတ်ခွင့်ပြုလိုက်ပါတယ်။ အဲဒီထဲမှာ ရုရှားကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်နဲ့ ရုရှားဆီနဲ့ သဘာဝဓာတ်ငွေ့ ဝယ်ယူတဲ့နိုင်ငံတွေကို အရေးယူမယ့် ပြစ်ဒဏ်တွေလည်း ပါဝင်ပါတယ်။

.

.

အိမ်ဖြူတော်က သောကြာနေ့မှာ ထုတ်ပြန်တဲ့ သမ္မတအမိန့်မှာတော့ အခုလို ကင်းလွတ်ခွင့်ပြုတာဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ဖြစ်တယ်လို့ ထရမ့်က ပြောထားပါတယ်။

.

ဒီဥပဒေဟာ ၂၀၂၂ ခုနှစ်မှာ စတင်ခဲ့တဲ့ ယူကရိန်းကို ရုရှားက ကျူးကျော်စစ်အတွက် ရုရှားအပေါ် ဖိအား ပိုပေးဖို့ ရည်ရွယ်ထားတာပါ။ ဒါပေမဲ့ ထရမ့်ဟာ မော်စကိုဘက်ကို ပိုပြီး နီးကပ်လာနေသလို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးကိုလည်း လူသိရှင်ကြား ဝေဖန်နေပြီး ကိယက်ဗ်အနေနဲ့ ခေါင်းဆောင်အသစ် လိုအပ်တယ်လို့တောင် ပြောထားပါတယ်။

.

အမေရိကန်မှာ လာမယ့် ကြားကာလရွေးကောက်ပွဲ မတိုင်ခင် ရက်သတ္တပတ်အနည်းငယ်အလိုမှာ အခုလို အရေးယူမှုအသစ်တွေ ထပ်တိုးလာတာက ရေနံဈေးတွေကို ပိုတက်စေနိုင်တယ်လို့ လေ့လာသူတွေက ပြော ပါတယ်။ ဒီရွေးကောက်ပွဲမှာ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီက ကွန်ဂရက် လွှတ်တော်ရဲ့ အခန်းနှစ်ခန်း လုံးမှာ အသာစီးရထားတဲ့ လက်ရှိအနေအထားကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားနေပါတယ်။ အမေရိကန် ပြည်သူတွေဟာလည်း အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် စစ်ပွဲကြောင့် ကုန်ကျစရိတ်တွေ မြင့်တက် လာတာနဲ့ ရင်ဆိုင်နေရပါတယ်။

.

ကွန်ဂရက်မှာ အဓိက ထောက်ခံအားပေးခဲ့သူကတော့ တောင်ကယ်ရိုလိုင်းနားပြည်နယ် ရီပတ် ဘလစ်ကန် အထက်လွှတ်တော်အမတ် ကွယ်လွန်သူ လင်ဆေး ဂရေဟမ် ဖြစ်ပါတယ်။ အဲဒီဥပဒေအရ အမေရိကန် နိုင်ငံထဲကို ရုရှားရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ အများဆုံးဝယ်ယူတဲ့ နိုင်ငံ ၅ နိုင်ငံကနေ ကုန်ပစ္စည်းတွေ တင်သွင်းလာရင် ၃၀ ရက်အတွင်း အခွန် ၁၀၀ ရာခိုင်နှုန်းအထိ ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

.

ဒါ့အပြင် ဥပဒေပြဋ္ဌာန်းပြီး ၃၀ ရက်အကြာမှာ ရုရှားဆီနဲ့ သဘာဝဓာတ်ငွေ့ကို သိသိသာသာ ဝယ်ယူတဲ့ နိုင်ငံတွေ ဒါမှမဟုတ် ရုရှားကို ပိတ်ဆို့မှုရှောင်လွှဲနိုင်အောင် ကူညီပေးနေတဲ့ ထိပ်တန်း ၅ နိုင်ငံထဲမှာ ပါဝင် တဲ့နိုင်ငံတွေကိုလည်း အခွန်ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

.

အခု ကင်းလွတ်ခွင့်ဟာ ထရမ့် ဒါမှမဟုတ် သူ့ရဲ့ အဆင့်မြင့်အရာရှိတွေက နောက်ထပ် အရေးယူဖို့ သင့်တော်ပြီလို့ ဆုံးဖြတ်တဲ့အချိန်အထိ ဆက်လက်ရှိနေမယ်လို့ သမ္မတအမိန့်မှာ ဖော်ပြထားပါတယ်။

.

ထရမ့်ဟာ “လင်ဆေး အို. ဂရေဟမ် ရုရှားနဲ့ အီရန်ကို အရေးယူဒဏ်ခတ်ရေး ဥပဒေ ၂၀၂၆” ကို စက်တင်ဘာလလယ်မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

.

“ဒီအချိန်မှာ အခုလို ကင်းလွတ်ခွင့်ပေးတာဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ဖြစ်တယ် လို့ ကွန်ဂရက်ကို အတည်ပြုစာ တင်ပြထားပါတယ်” လို့ ထရမ့်က သမ္မတအမိန့်မှာ ပြောထားပါတယ်။

.

ရုရှားရေနံကို အများဆုံးဝယ်ယူတဲ့ နိုင်ငံတွေထဲမှာ ပါဝင်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ကလည်း ရုရှားအပေါ် အရေး ယူပိတ်ဆို့မှုဆိုင်ရာ ဒီဥပဒေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ထုတ်ဖော်ပြောဆိုထားပါတယ်။ တရုတ်ကတော့ နိုင်ငံ တကာဥပဒေအရ အခြေခံအကြောင်းပြချက်မရှိဘဲ နယ်စပ်ကျော် တရားစီရင်ပိုင်ခွင့် အသုံးပြုတာကို အမြဲတမ်း ဆန့်ကျင်တယ်လို့ ပြောထားပါတယ်။ အိန္ဒိယကလည်း အမေရိကန်က အခွန်အသစ်တွေ ချမှတ် လာရင် နှစ်နိုင်ငံဆက်ဆံရေးအပေါ် ထိခိုက်နိုင်တယ်လို့ သတိပေးထားပါတယ်။

.

ဒီဥပဒေအရ သမ္မတက အခုလို ပိတ်ဆို့အရေးယူမှုတွေဟာ အမေရိကန်အမျိုးသားအကျိုးစီးပွားနဲ့ မကိုက်ညီ ဘူးလို့ ဆုံးဖြတ်ကြောင်း ကွန်ဂရက်ကို အသိပေးရုံနဲ့ ပိတ်ဆို့မှုတွေကို ကင်းလွတ်ခွင့်ပြုနိုင်ပါတယ်။

.

အမေရိကန်အောက်လွှတ်တော်အမတ် ဒွန် ဘိုင်ယာကတော့ ထရမ့်ရဲ့ အခုလို ကင်းလွတ်ခွင့်ပြုမှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ထရမ့်က လိုက်လျောပေးနေတယ်လို့ ပြောပါတယ်။

.

“ထရမ့်ရဲ့ ပူတင်အပေါ် နောက်ဆုံး လိုက်လျောပေးမှုဟာ ယူကရိန်းမိတ်ဖက်တွေကို ထပ်ပြီး သစ္စာဖောက်တာ ဖြစ်သလို ရုရှားရဲ့ တရားမဝင် ကျူးကျော်စစ်အတွက် အပြစ်ပေးဖို့ ရည်ရွယ်ထားတဲ့ ဥပဒေကို ကွန်ဂရက်က ရှင်းရှင်းလင်းလင်း ရည်ရွယ်ထားတာနဲ့လည်း ဆန့်ကျင်နေပါတယ်” လို့ ဘိုင်ယာက ထုတ်ပြန်ချက်မှာ ပြော ပါတယ်။

.

မကြာသေးခင်က ရုရှားနဲ့ ဒီဇယ်ဆီဆိုင်ရာ သဘောတူညီချက်တစ်ခုနဲ့ပတ်သက်ပြီးလည်း ထရမ့်ဟာ အမေရိကန်အထက်လွှတ်တော်အမတ်တချို့ရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။ အဲဒီသဘောတူညီချက်အရ ထရမ့်က ရုရှားရဲ့ ဒီဇယ်ဆီ တင်ပို့မှုအပေါ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ သဘောတူခဲ့ပြီး ရုရှားဘက် ကလည်း ကမ္ဘာ့ဈေးကွက်အတွက် ဒီဇယ်ဆီ ထောက်ပံ့ပေးဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ ဒီသဘောတူညီ ချက်ကို ဝေဖန်သူ အထက်လွှတ်တော်အမတ်တွေကတော့ ဒီလိုလုပ်ပေးတာဟာ ရုရှားရဲ့ စစ်ပွဲအတွက် ငွေကြေးထောက်ပံ့ပေးရာ ရောက်တယ်လို့ ပြောပါတယ်။

.

ရုရှားသမ္မတ ပူတင်ရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိုယ်စားလှယ် ကီရီးလ် ဒီမစ်ထရီယက်ဗ်ကတော့ ထရမ့်ရဲ့ အခုလို ကင်းလွတ်ခွင့်ပြုမှုကို “တကယ့်ကို သမိုင်းဝင်အခိုက်အတန့်” လို့ ခေါ်ဆိုခဲ့ပါတယ်။ ဒီဥပဒေ ကြောင့် ရုရှားနဲ့ အမေရိကန်ကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အားလုံးနီးပါး ရပ်တန့်သွားနိုင် တယ်လို့ သူက အက်စ်ပေါ်မှာ ရေးသားထားပါတယ်။

.

Ref – Reuters

.

No comments:

Post a Comment

Pages