WHO အကြီးအကဲရာထူးအတွက် တရုတ်က ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, October 9, 2026

WHO အကြီးအကဲရာထူးအတွက် တရုတ်က ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်း

.

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်

.

တရုတ်နိုင်ငံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အကြီးအကဲရာထူးအတွက် ကိုယ်စားလှယ်လောင်း တစ်ဦးကို ကြာသပတေးနေ့ (အောက်တိုဘာ ၈ ရက်) မှာ အမည်စာရင်းတင်သွင်းလိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ အခုနှစ်အတွင်း အမေရိကန်နိုင်ငံက WHO ကနေ နုတ်ထွက်သွားပြီးနောက် အဲဒီအဖွဲ့ အစည်းအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ပိုမိုကြီးမားလာစေနိုင်တယ်လို့ ရှုမြင်နေကြပါတယ်။

.

.

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက သတင်းစာရှင်းလင်းပွဲမှာ အမျိုးသမီးနဲ့ မိခင်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ ဆုန်လီကို WHO အကြီးအကဲရာထူးအတွက် တရုတ်က အဆိုပြုထား တယ်လို့ ပြောပါတယ်။

.

ဒီအမည်စာရင်းတင်သွင်းမှုဟာ “တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုစနစ်ကို ခိုင်မာစွာ ထောက်ခံကြောင်း ပြသတာဖြစ်ပြီး လူသားအားလုံးရဲ့ ကျန်းမာရေးနဲ့ သုခချမ်းသာ တိုးတက်လာစေဖို့ WHO ရဲ့ အခန်းကဏ္ဍကို ပိုမိုတက်ကြွလာစေမှာ ဖြစ်တယ်” လို့ မော်နင်းက ပြောပါတယ်။

.

ဆုန်လီဟာ လက်ရှိ WHO အကြီးအကဲ တက်ဒရို့စ် အက်ဒ်ဟာနွန် ဂေဘရီယေဆုစ်ရဲ့ နေရာကို ဆက်ခံဖို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ တက်ဒရို့စ်ရဲ့ သက်တမ်းဟာ ၂၀၂၇ ခုနှစ် ဩဂုတ်လမှာ ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်း နှစ်ကြိမ်သာ ထမ်းဆောင်ခွင့်ရှိတဲ့ စည်းမျဉ်းကြောင့် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ပါဘူး။

.

ဆုန်လီဟာ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ အမျိုးသမီးနဲ့ ကလေးကျန်းမာရေးဌာန အကြီးအကဲ ဖြစ်ပြီး လုပ်ငန်းအတွေ့အကြုံ ၂၁ နှစ်ရှိသူဖြစ်တယ်လို့ WHO က ဖော်ပြထားပါတယ်။ သူဟာ ကိုယ်ဝန်ဆောင် ကာလအတွင်း ရောဂါရှာဖွေစစ်ဆေးမှုနဲ့ မျိုးပွားမှုအထောက်အကူပြု နည်းပညာတွေ အပါအဝင် အမျိုးသမီးနဲ့ ကလေးကျန်းမာရေးဆိုင်ရာ ဥပဒေအမျိုးမျိုး ရေးဆွဲ ပြဋ္ဌာန်းရေးမှာ ပါဝင်ခဲ့သလို ဦးဆောင်စီစဉ်ခဲ့သူလည်း ဖြစ်ပါတယ်။

.

ဒီရာထူးအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရမယ့် နောက်ဆုံးရက်ဖြစ်တဲ့ စက်တင်ဘာ ၂၄ ရက် ကျော်လွန်ပြီးမှ တရုတ်က အခုလို အမည်စာရင်းတင်သွင်းခဲ့တာပါ။

.

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီလမှာ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရပြီးနောက် အမေရိကန်ကို WHO ကနေ နုတ်ထွက်စေခဲ့တာကြောင့် တရုတ်အတွက် အဖွဲ့အစည်းအတွင်း ဩဇာပိုမို ချဲ့ထွင်နိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်လာပါတယ်။

.

ထရမ့်ဟာ COVID-19 ကပ်ရောဂါဖြစ်ပွားချိန်အပါအဝင် WHO ကို “တရုတ်ရဲ့ ရုပ်သေးအဖွဲ့အစည်း” လို့ ကာလရှည်ကြာ စွပ်စွဲပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်ကလည်း ထရမ့်ဟာ WHO အပေါ်ထားရှိတဲ့ တာဝန်တွေကို ရှောင်လွှဲဖို့ ကြိုးစားနေတယ်လို့ ယခင်က တုံ့ပြန်စွပ်စွဲခဲ့ပါတယ်။

.

ဆုန်လီဟာ ကာတာ၊ ဆော်ဒီအာရေဗျ၊ ဘယ်လ်ဂျီယံ၊ စပိန်၊ အင်ဒိုနီးရှားနဲ့ ဘော့ဆွာနာနိုင်ငံတွေက အဆိုပြုထားတဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ယှဉ်ပြိုင်ရမှာပါ။ အဲဒီကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးသုံးဦး ပါဝင်ပါတယ်။

.

ဆုန်လီသာ ရွေးချယ်ခံရမယ်ဆိုရင် ၂၀၀၇ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ WHO အကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ မာဂရက်ချန်ပြီးနောက် အဲဒီရာထူးကို ရရှိတဲ့ ဒုတိယမြောက် တရုတ်နိုင်ငံသား ဖြစ်လာမှာပါ။

.

WHO ဟာ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်း လူတိုင်း ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီရရှိနိုင်ရေးအတွက် နိုင်ငံတကာကြိုးပမ်းမှုတွေကို ဦးဆောင်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

.

Ref – CNA

.

No comments:

Post a Comment

Pages