.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း စားသုံးသူဈေးကွက်တွင် ရက်သတ္တပတ်
တစ်ပတ်အတွင်း ကြက်သွန်နီဈေး တစ်ပိဿာ ၃၀၀၀ ကျပ် နီးပါး ဈေးတက်လာပြီး ကြက်သွန်နီ အလုံးကြီး
တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀ နီးပါး ဈေးရှိနေကြောင်း သိရသည်။
.
.ကြက်သွန်နီ ပွဲရုံ ဈေးကွက်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက
အလုံးကြီး တစ်ပိဿာလျှင် ၁၅၀၀၀ ဝန်းကျင်သာ ဈေးရှိခဲ့ရာမှ နိုဝင်ဘာ ၁၂ ရက်မှ စတင်၍
၃၀၀၀ ကျပ်ဝန်းကျင် ဈေးတက်လာခြင်းဖြစ်ပြီး အလုံးလတ် တစ်ပိဿာလျှင် ၁၆၀၀၀ နှင့် အလုံးငယ်
တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်ဝန်းကျင်အထိ ရှိနေကြောင်း သိရသည်။
.
“ကြက်သွန်နီ ဆိုတာက ဟင်းချက်ရင် မထည့်လို့မှမရတာ။
ဈေးတက်လည်း ဝယ်ရတာပဲပေ့ါ။ ဟင်းချက်တဲ့နေရာ မှာတော့ အရင်က ၂ လုံးထည့်ရင် အခု ၁ လုံးပဲ
ထည့်နိုင်တော့တာပါ။ အရင်က အလုံးကြီးတဲ့သူဆိုရင်လည်း အခု အလုံးလတ်၊ အလုံးငယ်တွေ ရွေးဝယ်နေရတာပဲ”
ဟု တောင်ကြီးမြို့နေ အိမ်ရှင်မတစ်ဦးက ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကြက်သွန်နီကို
စီးပွားဖြစ် စိုက်ပျိုးမှုနည်းပါးပြီး အိမ်စားသုံးရန်အတွက်သာ အများစု
စိုက်ပျိုးကြသဖြင့် ဒေသတွင်းဈေးကွက်အတွက် မိတ္ထီလာနှင့်
မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှ ဝင်ရောက်လာသည့် ကြက်သွန်နီများကို
အဓိကအားထားနေရကြောင်း သိရသည်။
.
“ကြက်သွန်ဈေးတက်တာက မြန်မာပြည်အောက်ပိုင်းတို့
မိတ္ထီလာတို့မှာ ဈေးတက်လာရင် ဒီဘက်ကလည်း မြင့်တက် ရတာပဲ။ ကျွန်တော်တို့
ရှမ်းပြည်ဘက်မှာက သိပ်မထွက်ဘူး။ အိမ်စားဖို့အတွက်ပဲ စိုက်ကြတယ်၊ စီးပွားဖြစ်
မစိုက်ကြဘူး။ ဒါကြောင့် အောက်ပြည်ဘက်က ဈေးတက်ရင် ရှမ်းပြည်ဘက်လည်း တက်ရတာပဲ” ဟု
ကြက်သွန်နီ ရောင်းချနေသူတစ်ဦးက ပြောသည်။
.
ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်
မြို့ရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး
ကြက်သွန်နီစိုက်ခင်းအချို့ ပျက်စီးခဲ့ခြင်းနှင့် အသစ်ထွက်ရှိမည့် ကြက်သွန်နီများ
မိုးမိပျက်စီးခဲ့ခြင်းတို့ကလည်း ဈေးကွက်အတွင်း ကြက်သွန်နီအဝင်နည်းနေလျက်ရှိကြောင်း
သိရသည်။
.

No comments:
Post a Comment