.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊
အေးသာယာမြို့တွင် ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းက Taunggyi Eco ကုမ္ပဏီမှ ဦးစီး၍ အမှိုက် ကင်းစင်ရေးလုပ်ငန်းများအကြောင်း
ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
.
ဆွေးနွေးပွဲတွင် Taunggyi Eco ကုမ္ပဏီ တာဝန်ရှိသူက လူဦးရေ တိုးပွားလာမှုနှင့်အတူ အမှိုက်စွန့်ပစ်မှု ပိုမိုများပြား
လာပြီး အမှိုက်ကို စနစ်တကျ ပစ်နိုင်အောင် ခေတ်မီ ယန္တရားများ၊ ဝန်ထမ်းများဖြင့် အားဖြည့်ဆောင်ရွက်လျက်ရှိ
ကြောင်း၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် သိမ်းဆည်းရရှိ အမှိုက်များကို Zero
Waste အဖြစ် လျှော့ချပြီး သဘာဝ မြေဩဇာနှင့် စွမ်းအင်အဖြစ် ပြောင်းလဲနိုင်သည့်
စက်ရုံများ ထူထောင်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး စက်သုံးဆီ ဈေးနှုန်း
တက်လာသည့်အတွက် ကုမ္ပဏီ၏ လိုအပ်ချက်များကို ပြည်သူများအနေဖြင့်
နားလည်ပေးစေလိုကြောင်းနှင့် ပြည်သူများလည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
.
ထို့နောက် တက်ရောက်လာသော ပညာရှင်များ၊ ဒေသခံများက
ဝေဖန်ထောက်ပြ၊ အကြံပြုဆွေးနွေးမှုများ အပြန်အလှန် ပြုလုပ်ခဲ့ပြီး
အမှိုက်ကန်များနှင့် အမှိုက်ကန်အနီး ကာဗွန်လျှော့ချနိုင်ရေး ဆောင်ရွက်စိုက်ပျိုး ထားသော
ဝါးပင်များ၊ သစ်ပင်များကို ကွင်းဆင်းလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
.
“အမှိုက်တွေကို စည်းကမ်းတကျ စွန့်ပစ်ဖို့က
အရမ်းအရေးကြီးပါတယ်။ အဲဒီစွန့်ပစ် ပစ္စည်းတွေကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေ
အများကြီး ဖြစ်လာနိုင်ပါတယ်။ လူငယ်တွေကို ဦးစားပေးပြီး အသိပညာပေးပွဲတွေ လုပ်ကြရပါမယ်။
အမှိုက်သိမ်းကုမ္ပဏီဘက်က တတ်စွမ်းသမျှ အားထည့်ဆောင်ရွက်ပေးနေသလို အမှိုက်ဆိုတာ လူတိုင်းနဲ့
သက်ဆိုင်တာ မို့ပြည်သူတွေဘက်ကလည်း တာဝန်ကျေရပါမယ်။ အဲဒီအတွက် ပြည်သူတွေ ပူးပေါင်းလာအောင်
စည်းရုံးပညာပေး တာတွေ လုပ်ရပါမယ်” ဟု ဆွေးနွေးပွဲ တက်ရောက်လာသူ ပညာရှင်တစ်ဦးက
ပြောဆိုခဲ့သည်။
.
ယခုကဲ့သို့ အမှိုက်ကင်းစင်ရေးလုပ်ငန်းအကြောင်း
ဆွေးနွေးပွဲများကို ထပ်မံပြုလုပ်သွားရန် ရှိနေပြီး အမှိုက်ကင်းစင်ရေး
လုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
အဆိုပါ ဆွေးနွေးပွဲသို့ Taunggyi Eco ကုမ္ပဏီ တာဝန်ရှိသူများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ၊ မြေအောက်ရေ
ထိန်းသိမ်းရေးအဖွဲ့များ၊ ပညာရှင်များ၊ ဒေသခံများ တက်ရောက်ခဲ့ပြီး
ဒေသခံပြည်သူများအတွက် အမှိုက်ကင်းစင်ရေးလုပ်ငန်းဆိုင်ရာများကို
ဆွေးနွေးပြောကြားပေးခဲ့ကြောင်း သိရသည်။
.

No comments:
Post a Comment