.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်
.
ဆော်ဒီအာရေဗျက အီရန်ကျောထောက်နောက်ခံပြု
ယီမင်ဟူသီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဥရောပသမဂ္ဂ (EU) ကို ဖိအားပေးနေပါတယ်။ ဒါပေမဲ့ ဒီလိုသတ်မှတ်လိုက်ရင်
ယီမင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်နိုင်တယ်ဆိုတဲ့ ဥရောပနိုင်ငံတွေရဲ့
စိုးရိမ်မှုတွေကြောင့် ဆော်ဒီရဲ့ တောင်းဆိုမှုက အခုထိ အောင်မြင်မှု မရသေးဘူးလို့
ဥရောပအရာရှိ ၆ ဦးက ပြောပါတယ်။
.
.ဆော်ဒီဟာ ဟူသီအဖွဲ့အပေါ် နိုင်ငံတကာဖိအား
ပိုတိုးလာအောင် ကြိုးပမ်းနေတာဖြစ်ပြီး ဟူသီအဖွဲ့ကလည်း စစ်ပွဲ ပြန်စပြီးနောက်
မကြာသေးခင် ရက်သတ္တပတ်တွေမှာ ဆော်ဒီနိုင်ငံကို နေ့စဉ်နီးပါး တိုက်ခိုက်လာပါတယ်။
.
ဟူသီအဖွဲ့အပေါ် EU က
လက်ရှိမှာ လက်နက်တင်ပို့မှု ပိတ်ပင်တာနဲ့ တပ်မှူး ၁၂ ဦးရဲ့ ပိုင်ဆိုင်မှုတွေကို
ထိန်းချုပ် တာတွေ လုပ်ထားပါတယ်။ ဟူသီအဖွဲ့ရဲ့ အဓိကကျောထောက်နောက်ခံဖြစ်တဲ့ အီရန်
အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် အိုင်အာဂျီစီ (IRGC) ကိုတော့
EU က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။ဒါပေမဲ့ ဟူသီ အဖွဲ့ကိုတော့
EU က အကြမ်းဖက်အဖွဲ့အဖြစ် မသတ်မှတ် သေးပါဘူး။ အမေရိကန်၊
သြစတြေးလျနဲ့ ကနေဒါတို့ ကတော့ ဟူသီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။
.
၂၀၁၄ ခုနှစ်မှာ ဟူသီအဖွဲ့က ယီမင်မြို့တော်
ဆာနာကို သိမ်းပိုက်ပြီး နိုင်ငံတကာအသိအမှတ်ပြု အစိုးရကို ဖယ်ရှားခဲ့ ပြီးနောက်
ဆော်ဒီအာရေဗျဟာ အဲဒီအစိုးရဘက်ကနေ ဟူသီအဖွဲ့ကို တိုက်ခိုက်တဲ့
စစ်ဘက်မဟာမိတ်အဖွဲ့ကို ဦးဆောင်ခဲ့တာ ဆယ်စုနှစ်တစ်ခုကျော် ရှိပါပြီ။
.
ဥရောပနိုင်ငံတွေက ဟူသီအဖွဲ့ကို
အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်ရင် လက်ရှိထိန်းသိမ်းထားတဲ့
ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်သွားနိုင်ပြီး ယီမင်မှာ
အနာဂတ်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဖြစ်လာတဲ့အခါ ဥရောပရဲ့ ပါဝင်နိုင်မှုကို
ထိခိုက်စေနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။
.
EU ရဲ့ အကြမ်းဖက်အဖွဲ့စာရင်းထဲ ဟူသီအဖွဲ့ကို
ထည့်ဖို့အတွက် အဖွဲ့ဝင် ၂၇ နိုင်ငံစလုံးရဲ့ တညီတညွတ်တည်း ထောက်ခံမှု လိုအပ်ပါတယ်။
လက်ရှိမှာတော့ ထောက်ခံတဲ့နိုင်ငံ အနည်းငယ်ပဲ ရှိသေးတယ်လို့ အရာရှိတစ်ဦးက
ပြောပါတယ်။
.
ပြီးခဲ့တဲ့လမှာ ဥရောပပါလီမန်က ဟူသီအဖွဲ့ကို
အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ဖို့ EU ကို တောင်းဆိုတဲ့
ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်ဟာ အများအားဖြင့်
သင်္ကေတ သဘောပဲ ဖြစ်ပါတယ်။
.
လန်ဒန်အခြေစိုက် Royal United Services
Institute က အကြီးတန်းသုတေသီ ဂျိုအာနာ ဒီ ဒေးအုစ် ပီရဲရာ က
ဥရောပနိုင်ငံတွေဟာ ဆော်ဒီနဲ့အတူ ရပ်တည်ကြောင်း ပြသချင်ပေမဲ့ ဟူသီအဖွဲ့ကို
အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ဖို့တော့ လက်တွေ့အကျိုးသက်ရောက်မှု နည်းနိုင်တာကြောင့်
တွန့်ဆုတ်နေကြတယ်လို့ ပြောပါတယ်။
.
ဟူသီအဖွဲ့က သတ်မှတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့
ယီမင်အနီး ဖြတ်သန်းသွားတဲ့ ဥရောပသင်္ဘောတွေကို တိုက်ခိုက် လာနိုင်တာနဲ့
ဟူသီထိန်းချုပ်နယ်မြေတွေမှာ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေကို
ထိခိုက်စေနိုင် တာတွေကိုလည်း ဥရောပနိုင်ငံတွေက စိုးရိမ်နေပါတယ်။
.
ဒါ့အပြင် EU ရဲ့
အကြမ်းဖက်အဖွဲ့ သတ်မှတ်ချက်ကို ပြန်လည်ဖယ်ရှားဖို့လည်း အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့
ထောက်ခံမှု လိုအပ်တာကြောင့် တစ်ကြိမ်သတ်မှတ်ပြီးရင် ပြန်ဖယ်ရှားဖို့
အလွန်ခက်ခဲတယ်လို့ ဥရောပအရာရှိတွေက ပြောပါတယ်။
.
ယီမင်နိုင်ငံရဲ့ ကမ်းရိုးတန်းဟာ ပင်လယ်နီနဲ့
ဗာ့ဘ်အယ်လ်မန်ဒက်ရေလက်ကြားတစ်လျှောက် တည်ရှိပြီး ဥရောပနဲ့ အာရှကို ဆက်သွယ်ပေးတဲ့
အရေးကြီးတဲ့ ရေလမ်းကြောင်းဖြစ်ပါတယ်။ အဲဒီနေရာမှာ ဟူသီတို က်ခိုက်မှုတွေ ဖြစ်လာ ရင်
အီရန်က ဟော်မုဇ်ရေလက်ကြား ပိတ်ထားမှုကြောင့် ထိခိုက်နေပြီး သား
ကမ္ဘာ့ကုန်သွယ်ရေးကို ပိုမိုထိခိုက်စေနိုင် ပါတယ်။
.
ဆော်ဒီအာရေဗျဟာ အမေရိကန်ရဲ့ ထောက်ခံမှုနဲ့
ဟူသီအဖွဲ့ကို နှစ်ပေါင်းများစွာ စစ်ဆင်ရေးလုပ်ခဲ့ပြီး နောက် ၂၀၂၂ ခုနှစ်မှာ
ဟူသီအဖွဲ့နဲ့ ဆော်ဒီကျောထောက်နောက်ခံပြု ယီမင်အစိုးရတို့ အပစ်အခတ် ရပ်စဲရေး
သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ ဟူသီအဖွဲ့က ဆာနာလေဆိပ်ကို ဆော်ဒီက ဗုံးကျဲ တိုက်ခိုက်ခဲ့
တယ်လို့ စွပ်စွဲပြီးနောက် အဲဒီအပစ်အခတ် ရပ်စဲရေးဟာ ဒီနှစ် ဇူလိုင်လမှာ
ပျက်ပြယ်သွားခဲ့ပါတယ်။
.
အဲဒီနောက် နှစ်ဖက်စလုံးက နယ်စပ်ဖြတ်ကျော်
တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပြီး အရပ်သားတွေ သေဆုံး ဒဏ်ရာရမှု တွေ
ဖြစ်ပေါ်ခဲ့ပါတယ်။ အောက်တိုဘာလမှာ ဟူသီအဖွဲ့က ဆော်ဒီနိုင်ငံ ရီယာ့ဒ်မြို့ရှိ
ဘုရင်ခါလစ် လေဆိပ်ကို ဒုံးကျည်နဲ့ တိုက်ခိုက်ပြီး လူသေဆုံးမှု
ဖြစ်ပေါ်ခဲ့ပြီးနောက် EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာယာ
ကာလတ်စ် က ဆော်ဒီနဲ့အတူ EU က ရပ်တည်ကြောင်း ပြောခဲ့ပါတယ်။
.
Ref – Reuters
.

No comments:
Post a Comment