.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့
နိုဝင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းက အွန်လိုင်း လိမ်လည် လောင်းကစားလုပ်ငန်း (ကျားဖြန့်)
လုပ်ကိုင်နေသူ တရားမဝင် ထိုင်းနိုင်ငံသားများ အပါအဝင် စုစုပေါင်း ၃၅ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု
သိရသည်။
.
.လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်၊ နံနက် ၆ နာရီခွဲခန့်က တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊
ကံ့ကော်လမ်းရှိ နေအိမ်တစ်ခုအား ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
.
ထိုသို့ ရှာဖွေရာတွင် နေအိမ်အတွင်း ထိုင်းနိုင်ငံသား
အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၆ ဦးတို့ကို
အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ကိုင်ရာတွင် အသုံးပြုသည့် All in One ကွန်ပျူတာ ၃၂ လုံး၊ System Box ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထို့နောက် ပူးပေါင်းအဖွဲ့သည်
ရှာဖွေစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်ရာ အဆိုပါ ပတ်ဝန်းကျင်ရှိ နေအိမ် တစ်လုံးအတွင်းမှ
အွန်လိုင်းငွေကြေးလိမ်လည်မှုများ ကျူးလွန်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား
အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၉ ဦးတို့ကို All in One ကွန်ပျူတာ ၁၁ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
စိစစ်မေးမြန်းချက်များအရ ဖမ်းဆီးရမိသူ
ထိုင်းနိုင်ငံသားများသည် အွန်လိုင်းဂိမ်းတစ်ခုတွင် ကွန်ပျူတာနှင့် ပတ်သက်သည့်
နည်းပညာပိုင်းဆိုင်ရာအလုပ်များ လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်း တရားမဝင်
ဝင်ရောက်လာကြပြီး ယခုနေရာသို့ ရောက်ရှိနေထိုင်စဉ်တွင်
ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားများသည်
တာချီလိတ်မြို့တွင် အလုပ်လုပ်ကိုင်ရန် အွန်လိုင်းမှတစ်ဆင့် ရင်းနှီးသူ တစ်ဦးဖြင့်
ချိတ်ဆက်မိပြီး နိုဝင်ဘာလ ၂ဝ ရက်မှစတင်၍ အွန်လိုင်းငွေကြေးလိမ်လည်မှု
လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ
အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအား
လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်
ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ သိမ်းဆည်း ရမိသည့်
လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွား
မည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment