ဟိုပုံးတန်ဆောင်တိုင် လုပ်ငန်းအရပ်ရပ်အတွက် ကျပ်သိန်း ၁၆၀၀ ဖြင့် ဒေသခံလုပ်ငန်းရှင်တစ်ဦး လေလံအောင်မြင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, November 27, 2026

ဟိုပုံးတန်ဆောင်တိုင် လုပ်ငန်းအရပ်ရပ်အတွက် ကျပ်သိန်း ၁၆၀၀ ဖြင့် ဒေသခံလုပ်ငန်းရှင်တစ်ဦး လေလံအောင်မြင်

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့ ကျက်သရေဆောင် သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယပူဇော်ပွဲနှင့် ဟိုပုံးတန်ဆောင်တိုင် မီးထွန်းပွဲတော် လုပ်ငန်းအရပ်ရပ်တို့အတွက် ကျပ်သိန်း ၁၆၀၀ ဖြင့် ဒေသခံ လုပ်ငန်းရှင်တစ်ဦးက လေလံအောင်မြင် ရရှိထားသည်ဟု သိရသည်။

.

.

လေလံလုပ်ငန်းများတွင် ဈေးဆိုင်ခန်းများနှင့် ကားပါကင် တစ်နေရာ ပါဝင်ပြီး သတ်မှတ် လေလံစည်းမျဉ်းစည်းကမ်း များနှင့်အညီ ယှဉ်ပြိုင်ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

.

“တန်ဆောင်တိုင်လေလံကြီးကြပ်မှုကော်မတီ ဖွဲ့ပြီးတော့ အိတ်ပိတ်တင်ဒါစနစ်နဲ့ စည်းကမ်းချက်နဲ့အညီ လုပ်ခဲ့ ပါတယ်။ ၃ ဦး ဝင်ပြိုင်တဲ့အထဲမှာ အမြင့်ဆုံးဈေး ကျပ်သိန်း ၁၆၀၀ ပေးတဲ့ ဒေသခံလုပ်ငန်းရှင်ကို ဒေသဦးစီး အဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ လေလံအောင်မြင်သူအဖြစ် ကြေညာပြီး ပိုက်ဆံသွင်းခိုင်းတာပါ။ ကျွန်တော်တို့ကတော့ တင်ဒါစည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်နေပါတယ်လို့ ပြောချင်ပါတယ်” ဟု ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးမှူး ခွန်သိန်းရွှေက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

လေလံလုပ်ငန်းများတွင် ဈေးဆိုင်ခန်းနှင့် ကားပါကင်တစ်နေရာ ပါဝင်ပြီး ဈေးဆိုင်ခန်းများကို တစ်ခန်း ၃ သိန်းခွဲမှ အများဆုံး ၁၀ သိန်း၊ ၃ သောင်းအထိ သတ်မှတ်ထားကာ ကားပါကင်လုပ်ငန်းအတွက် ဆိုင်ကယ်တစ်စီး ၅၀၀၀ ကျပ်နှင့် ကားတစ်စီး ၁၀၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

.

ဟိုပုံးတန်ဆောင်တိုင်ပွဲတွင် အရက်/ဘီယာကြော်ငြာများကို ကန့်သတ်ထားခြင်း မရှိသော်လည်း ဒေသပွဲ ဖြစ်သည့် အတွက် အရက်/ဘီယာကုမ္ပဏီများမှ ကြော်ငြာလာရောက်ကပ်ထားခြင်း မရှိဘဲ ဒေသခံနှင့် ၁၂ ပွဲဈေးသည်များသာ ရှိပြီး လောင်းကစားများကိုလည်း ထည့်သွင်းပြုလုပ်မည်မဟုတ်ကြောင်း လေလံအောင်မြင်ထားသူ လုပ်ငန်းရှင် စိုင်းကျော်စိန် ထံက သိရသည်။

.

“လောင်းကစားကတော့ ဘာမှ မပါပါဘူး။ ကျွန်တော်လည်း ဒေသခံဖြစ်တဲ့အတွက် ကျွန်တော်ဒေသပုံရိပ်ကို ညှိုးနွမ်း အောင် ကျွန်တော် ဘယ်တော့မှ မလုပ်ပါဘူး။ ဟိုပုံးပွဲက ‌အောင်ပန်းပွဲ၊ ကလောပွဲတွေနဲ့ တိုက်နေတယ်။ ဒီတော့ ဈေးသည်တော့ နည်းသွားတာပေါ့။ ကျွန်တော်တို့ကတော့ ရှုံးတယ်။ ရှုံးလည်း အဓိကကတော့ စီးပွားရေး အကျိုး အမြတ်အတွက် မဟုတ်ဘဲ ဘုရားအလှူပေါ့။ ဒေသခံမဟုတ်တဲ့ သူများလက်ထဲ မထည့်ချင်လို့ ဝင်ပြိုင်တာပါ” ဟု ၎င်းက ပြောသည်။

.

ယခင်နှစ်များက ဟိုပုံးတန်ဆောင်တိုင်ပွဲတော် လုပ်ငန်းများအတွက် လေလံစနစ်ဖြင့် မဆောင်ရွက်နိုင်ခဲ့သည်မှာ ၁၀ နှစ်ကျော် ကြာမြင့်ပြီဖြစ်ပြီး ဒေသခံများကသာ ဘုရားပွဲအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးခြင်းဖြစ်ကာ ယခုနှစ်မှ လေလံ စနစ်ဖြင့် ပြန်လည်ဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရသည်။

.

ဟိုပုံးမြို့ မွေတော်ဘုရားကြီး ဗုဒ္ဓပူဇနိယ ပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာလ ၂၈ ရက် မှ ဒီဇင်ဘာလ ၂ ရက် အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မီးပုံးပျံပြိုင်ပွဲတွင် ညမီးကြီးမီးပုံးပျံ ၁၅ လုံး လွှတ်တင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages