.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့လယ်ရှိ မြို့မဈေး
အရှေ့မျက်နှာစာတွင် ဘီယာကြော်ငြာများ ကပ်ထားမှု အပေါ် ဒေသခံများအကြား ဝေဖန်မှုများ
ရှိနေကြောင်း သိရသည်။
.
.
မြို့မဈေးသည် မြို့တော်တောင်ကြီး၏ အထင်ကရနှင့် လူစည်ကားရာ
နေရာတစ်ခုဖြစ်ပြီး ယခုကဲ့သို့ ဘီယာကြော်ငြာ များ ကပ်ထားသည့်အတွက် ဘီယာသောက်သုံးမှုကို
အားပေးရာ ရောက်နေပြီး မြို့၏ပုံရိပ်ကို ထိခိုက်စေသည်ဟု ဒေသခံများက ပြောဆိုကြသည်။
.
“မြို့လယ်ခေါင်ဆိုတာ စီးပွားရေးကြော်ငြာတွေ
ပြသရာနေရာတစ်ခုတည်း မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ လူမှုဘဝ၊ ကလေးသူငယ်တွေရဲ့
ပတ်ဝန်းကျင်နဲ့ လူငယ်တွေရဲ့ အနာဂတ်ကိုပါ ထည့်သွင်းစဉ်းစားရမယ့် နေရာဖြစ်တယ်။
ဒါကြောင့် တောင်ကြီးမြို့ မြို့မဈေးမျက်နှာစာ ဗိုလ်ချုပ်လမ်းမပေါ်က
ဘီယာကြော်ငြာဘုတ်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ပြည်သူ့အသံကို
အလေးထားပြီး ပြန်လည်စိစစ်ဆောင်ရွက်ပေးဖို့ လိုအပ်တယ်” ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောသည်။
.
အဆိုပါ မြို့မဈေးမျက်နှာစာ အပြင် တောင်ကြီးမြို့ပေါ်
ရပ်ကွက်တွင်းလမ်းများတွင်လည်း ဘီယာကြော်ငြာဖြင့် ပူးတွဲ တပ်ဆင်ထားသည့် လမ်းညွှန်ဆိုင်းဘုတ်များကို
တွေ့မြင်နေရပြီး အရက်ဘီယာ သောက်သုံးမှုကို အားပေးရာရောက် နေသဖြင့် ပြန်လည်စိစစ်ပေးစေလိုကြောင်း
ဒေသခံများထံက သိရသည်။
.
“စည်ပင်က ဝင်ငွေလိုတာကတော့ မှန်ပါတယ်။ တခြားကြော်ငြာတွေကော
ကပ်လို့မရဘူးလားပေါ့။ အရက်/ဘီယာ စာလုံး မပါရင် ကပ်လို့ရတယ် ဆိုပေမဲ့ ဒါက ဘာကို ကြော်ငြာတာလဲဆိုတာ
အားလုံး သိနေတာပဲ။ ပြီးတော့ မြို့မဈေး ဆိုတာ တောင်ကြီးမြို့ရဲ့ မျက်နှာစာလို့ ပြောလို့ရတယ်။
ဘယ်လိုပဲ ကြည့်ကြည့် အမြင်မသင့်ပါဘူး” ဟု အခြားဒေသခံ တစ်ဦးကလည်း ပြောဆိုခဲ့သည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ
တာဝန်ရှိသူအား ဆက်သွယ်မေးမြန်း ရာတွင် “ABC/Tiger လို့ ရေးထားရင်
ဘီယာမှန်း ကျွန်တော်တို့ သိတယ်။ ဒါပေမဲ့ ဘီယာဆိုတဲ့ စကားလုံး၊ အရက်ဆိုတဲ့ စကားလုံး
ပါရင်တော့ ခွင့်မပြုဘူး။ မိန်းလမ်းမှာလည်း တချို့ ABC ဘုတ်တွေ၊
Tiger ဘုတ်တွေရှိပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
မြို့တစ်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုသည်
စီးပွားရေးလုပ်ငန်းများ တိုးတက်လာခြင်း တစ်ခုတည်းသာမက လူမှုရေး၊ ကျန်းမာရေး၊
ကလေးသူငယ်များ၏ လုံခြုံသင့်လျော်သော ပတ်ဝန်းကျင်နှင့် လူငယ်များ၏ အနာဂတ်ကိုပါ
ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း မြို့ခံများက ပြောဆိုကြသည်။
.
ယင်းကဲ့သို့ တောင်ကြီးမြို့ မြို့မဈေးအနီးနှင့်
လူစည်ကားရာ လမ်းမကြီးများပေါ်ရှိ ဘီယာကြော်ငြာဘုတ်များနှင့် ပတ်သက်၍
သက်ဆိုင်ရာအဖွဲ့အစည်းများက စည်းမျဉ်းစည်းကမ်းများနှင့်အညီ
ပြန်လည်စိစစ်ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားလျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment