.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်
.
မြောက်ကိုရီးယားနိုင်ငံဟာ နည်းဗျူဟာမြောက်
နျူကလီးယားလက်နက်တွေကို စစ်ဆင်ရေးနယ်ပယ် အမျိုးမျိုးမှာ အသုံးပြုနိုင်ဖို့
ဖြန့်ကျက်သွားမှာဖြစ်သလို နျူကလီးယားလက်နက် ထုတ်လုပ်နိုင်စွမ်း ကိုလည်း စနစ်တကျ
တိုးချဲ့ နေတယ်လို့ ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်
သတင်းဌာန KCNA က နိုဝင်ဘာ ၂၆ ရက်မှာ ဖော်ပြပါတယ်။
.
.ကင်မ်ဟာ နိုဝင်ဘာ ၂၅ ရက်က
နျူကလီးယားပစ္စည်းထုတ်လုပ်ရေးနဲ့ လက်နက်သုတေသနစက်ရုံတွေကို သွားရောက် စစ်ဆေးစဉ်
အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယား
လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံ အဆင့် အတန်းဟာ လုံးဝပြောင်းလဲလို့မရကြောင်းနဲ့
အဲဒီအဆင့်အတန်းကို ငြင်းပယ်ဖို့ ကြိုးစားတာဟာ စစ်ကြေညာတာနဲ့ အတူတူပဲလို့လည်း
သတိပေးခဲ့ပါတယ်။
.
နျူကလီးယားလက်နက်ထုတ်လုပ်ရေးမှာ မကြာသေးခင်က
ရရှိခဲ့တဲ့ တိုးတက်မှုတွေဟာ နိုင်ငံရဲ့ နျူကလီးယား မူဝါဒ အတွက် အရေးပါတဲ့
အောင်မြင်မှုဖြစ်တယ်လို့ ကင်မ်က ပြောပါတယ်။ KCNA ထုတ်ပြန်တဲ့
ဓာတ်ပုံတွေမှာလည်း ကင်မ် နဲ့ တာဝန်ရှိသူတွေဟာ ယူရေနီယံသန့်စင်ရာမှာ အသုံးပြုတဲ့
ဓာတ်ငွေ့ဗဟိုခွာစက်တွေနဲ့ Hwasan-31 လို့ခေါ်တဲ့
နည်းဗျူဟာမြောက် နျူကလီးယားထိပ်ဖူးတွေနဲ့ ဆင်တူတဲ့ ပစ္စည်းတွေကို စစ်ဆေးနေတာ
တွေ့ရပါတယ်။
.
ကင်မ်က မြောက်ကိုရီးယားရဲ့
နျူကလီးယားလက်နက်တိုးချဲ့မှုဟာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကြောင့်ဖြစ်တယ်လို့
အကြောင်းပြခဲ့ပါတယ်။ အမေရိကန်ဟာ AUKUS သဘောတူညီချက်က တစ်ဆင့်
နျူကလီးယားပြန့်ပွားမှုအတွက် အန္တရာယ်ရှိတဲ့ စံနမူနာတစ်ခု ဖန်တီးခဲ့ ပြီး
အရှေ့မြောက်အာရှမှာလည်း နျူကလီးယားစစ်ရေးမဟာမိတ်စနစ် တည်ဆောက်နေတယ်လို့
စွပ်စွဲခဲ့ပါတယ်။
.
တောင်ကိုရီးယားဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့
ခွင့်ပြုချက်ရပြီးနောက် နျူကလီးယား စွမ်းအင်သုံး ရေငုပ် သင်္ဘောတွေ တည်ဆောက်ဖို့
ကြိုးပမ်းနေသလို ဂျပန်နိုင်ငံမှာလည်း အဲဒီကိစ္စကို ဆွေးနွေးနေကြပါတယ်။
.
တောင်ကိုရီးယား ကျွမ်းကျင်သူတချို့ကတော့
ကင်မ်ရဲ့ ပြောဆိုချက်ဟာ အမေရိကန်နဲ့ ဆွေးနွေးရေး တံခါးကို အပြီး ပိတ်လိုက်တာမဟုတ်ဘဲ
အနာဂတ်မှာ ဆွေးနွေးမှုတွေ ပြန်စတင်လာရင် မြောက်ကိုရီးယားကို နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့
နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုတဲ့ အခြေအနေကနေသာ ဆွေးနွေးလိုကြောင်း
ပြသတာဖြစ်နိုင်တယ် လို့ သုံးသပ်ကြပါတယ်။
.
မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်ကစပြီး
နျူကလီးယားစမ်းသပ်မှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး နောက်ဆုံးနဲ့ အင်အားအပြင်း ဆုံး
စမ်းသပ်မှုကို ၂၀၁၇ ခုနှစ်မှာ ပြုလုပ်ခဲ့ပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေး
ဝန်ကြီးရဲ့ ပြောကြားချက်အရ မြောက်ကိုရီးယားမှာ နျူကလီးယားထိပ်ဖူး ၈၀ ကနေ ၁၂၀ ကြား
ပိုင်ဆိုင်ထားနိုင်တယ်လို့ ခန့်မှန်းထားပေမဲ့ အဲဒီ အရေအတွက်ကို တရားဝင်
အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
.
Ref – Reuters
.

No comments:
Post a Comment