ယီမင်မှာ ဟူသီဆန့်ကျင်ရေးတပ်တွေ ဆုတ်ခွာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, November 16, 2026

ယီမင်မှာ ဟူသီဆန့်ကျင်ရေးတပ်တွေ ဆုတ်ခွာ

.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်

.

အီရန်နဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ တနင်္ဂနွေနေ့မှာ အမေရိကန်နဲ့ အမေရိကန်မဟာမိတ် ပင်လယ်ကွေ့ နိုင်ငံတွေကို ဖိအားပေးမှုတွေ တိုးမြှင့်လိုက်ပါတယ်။ ယီမင်မှာ ဆော်ဒီအာရေဗျ ကျောထောက် နောက်ခံပြုတပ်တွေဟာ အီရန်နဲ့ မဟာမိတ်ဖြစ်တဲ့ ဟူသီတပ်တွေနဲ့ တိုက်ပွဲမှာ ဆုတ်ခွာခဲ့သလို အီရန်ကလည်း ဘာရိန်းနိုင်ငံမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့ပါတယ်။

.

.

ယီမင်မှာ ဟူသီတပ်တွေကို ဆော်ဒီအာရေဗျက တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးဟာ အကြီးအကျယ် ထိုးနှက်ခံလိုက်ရ ပါတယ်။ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ယီမင်အစိုးရဘက်က တိုက်ပွဲဝင်နေတဲ့ ဆော်ဒီမဟာမိတ်တပ်တွေဟာ ဘာ့ဘ် အယ်လ်-မန်ဒက်ဘ် ရေလက်ကြား ကနေ ဆုတ်ခွာပြီး တောင်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ယာယီမြို့တော် အေဒင် ကို ကာကွယ်ဖို့ ပြန်လည် နေရာယူခဲ့ပါတယ်။

.

ဒီကြေညာချက်ကြောင့် ဟူသီတပ်တွေကို ပင်လယ်နီဝင်ပေါက်ကနေ မောင်းထုတ်ပြီး အရေးကြီးတဲ့ ရေနံသယ်ယူရေး လမ်းကြောင်းကို လုံခြုံအောင်လုပ်ဖို့ အစိုးရတပ်တွေက ခြောက်ပတ်ကြာ ဆင်နွှဲခဲ့တဲ့ တန်ပြန်ထိုးစစ်ဟာ အဆုံးသတ် သွားပြီလို့ ယူဆရပါတယ်။

.

တစ်ချိန်တည်းမှာပဲ ပင်လယ်ကွေ့ဒေသမှာ အမေရိကန်ရဲ့ ပဉ္စမမြောက် ရေတပ်တပ်ဖွဲ့ရုံးချုပ်ရှိတဲ့ ဘာရိန်းနိုင်ငံကို အီရန်က တိုက်ခိုက်မှုတွေ ပြုလုပ်လာတာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပေါ် စစ်ပွဲကို အဆုံးသတ်ဖို့ ဖိအားအသစ်တွေ ဖြစ်လာနိုင်ပါတယ်။ ထရမ့်စတင်ခဲ့တဲ့ စစ်ပွဲဟာ အခုဆိုရင် ကိုးလနီးပါး ရှိနေပြီ ဖြစ်ပါတယ်။

.

လူထုကြားမှာ ရေပန်းစားမှုမရှိတဲ့ ဒီစစ်ပွဲကြောင့် ဒီလအတွင်း ကျင်းပခဲ့တဲ့ ကြားကာလ ရွေးကောက်ပွဲ မှာ ရီပတ်ဘလစ်ကန်ပါတီ ရှုံးနိမ့်ခဲ့ပြီးနောက် ထရမ့်က သံတမန်ရေးအရ အောင်မြင်မှု တစ်ခုရဖို့ လိုအပ်ချက်ကို လျှော့ပြောလာပါတယ်။

.

အမေရိကန်နဲ့ အီရန်ကြား အကြီးစားတိုက်ပွဲတွေဟာ စစ်ပွဲအစပိုင်းကာလနောက်ပိုင်း လျော့ကျလာ ပေမယ့် သံတမန် ရေးဆွေးနွေးမှုတွေ ရပ်တန့်နေတဲ့အတွက် ပိုမိုကျယ်ပြန့်တဲ့ ပဋိပက္ခနဲ့ ယီမင်စစ်ပွဲ နှစ်ခုစလုံးကို မကြာခင် အဆုံးသတ် နိုင်မယ့် အလားအလာ နည်းနေပါတယ်။

.

တနင်္ဂနွေနေ့က ယီမင်အစိုးရတပ်တွေ ဆုတ်ခွာကြောင်း ကြေညာလိုက်တာကြောင့် ဟူသီတပ်တွေက တောင်ဘက် ကမ်းရိုးတန်းက အေဒင်မြို့ဘက်ကို ထပ်မံချီတက်လာနိုင်တဲ့ အလားအလာ ရှိလာပါတယ်။ ဟူသီတပ်တွေက ယီမင် မြို့တော် ဆာနာ ကနေ အစိုးရကို မောင်းထုတ်ခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခု ကျော်ကြာ နိုင်ငံတကာအသိအမှတ်ပြု အစိုးရအခြေစိုက်ရာမြို့ ဖြစ်နေပါတယ်။

.

ယီမင်နိုင်ငံတောင်ပိုင်းမှာ အစိုးရဘက်က အဓိကတိုက်ခိုက်နေတဲ့ တောင်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့ က ထုတ်ပြန်ချက် တစ်ခုမှာ “ကျွန်တော်တို့တပ်ဖွဲ့တွေကို ဒူဟာဘ်လေဆိပ် နဲ့ တိုင်ဇ်ပြည်နယ် အနောက်ဘက် ရှိ ဘာ့ဘ် အယ်လ်-မန်ဒက်ဘ်ဒေသကနေ ပြန်လည်နေရာချထားတဲ့ စစ်ဆင်ရေးကို လုပ်ဆောင်နေ ပါတယ်” လို့ ပြောပါတယ်။

.

“ဒီအဆင့်ကို မြို့တော် အေဒင်နဲ့ အနီးအနားပြည်နယ်တွေကို လုံခြုံအောင်လုပ်ရေး၊ ရှေ့တန်းတွေကို ပိုမိုခိုင်မာ အောင်လုပ်ရေးနဲ့ လက်ရှိရှိနေတဲ့ ခြိမ်းခြောက်မှုတွေကို ဖြေရှင်းရေးကို ဦးစားပေးဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်” လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

.

တပ်တွေ ဆုတ်ခွာလိုက်တာဟာ ဟူသီတပ်တွေက စက်တင်ဘာလအတွင်း ပင်လယ်နီကမ်းရိုးတန်းနဲ့ အဲဒီကို ဝင်ထွက်နိုင်ရေးကို ထိန်းချုပ်ထားတဲ့ ဘာ့ဘ် အယ်လ်-မန်ဒက်ဘ် ရေလက်ကြားကို အလျင်အမြန် သိမ်းပိုက် လာမှုတွေကို ပြန်လည်တားဆီးဖို့ ကြိုးပမ်းမှုတွေအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။

.

ပြီးခဲ့တဲ့လမှာ ဆော်ဒီအာရေဗျ ကျောထောက်နောက်ခံပြု ယီမင်အစိုးရတပ်တွေရဲ့ ထိုးစစ်ကြောင့် ရေလက်ကြားအနီး အရေးကြီးနေရာတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဟူသီတပ်တွေကို အဲဒီဒေသကနေ လုံးဝမောင်းထုတ်နိုင်ခဲ့ခြင်း မရှိသလို ကမ်းရိုးတန်းအပေါ်ဘက်မှာရှိတဲ့ အယ်လ်-မိုချာ မြို့ကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပါဘူး။

.

အဲဒီနောက် ဟူသီတပ်တွေက ဆော်ဒီအာရေဗျကို ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာ အောင် လုပ်ဆောင်ခဲ့ပါတယ်။ ဆော်ဒီရဲ့ အဓိကလေဆိပ်တွေကို တိုက်ခိုက်ပြီး လေယာဉ်ခရီးစဉ်တွေ ရပ်တန့်သွားအောင် လုပ်ခဲ့သလို စွမ်းအင်စက်ရုံတွေကို တိုက်ခိုက်ပြီး ကမ္ဘာ့ရေနံဈေးကွက်တွေကိုလည်း မတည်မငြိမ်ဖြစ်စေခဲ့ပါတယ်။

.

တနင်္ဂနွေနေ့မှာ ဟူသီတပ်တွေက ရီယာ့ဒ်မြို့ရှိ ဘုရင် ခါလစ် အပြည်ပြည်ဆိုင်ရာလေဆိပ် နဲ့ ဘဏ္ဍာရေးစင်တာတစ်ခု၊ အရှေ့-အနောက် ရေနံပိုက်လိုင်းပေါ်က ရေနံစုပ်စက်ရုံ ၂ ခုကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ ဆော်ဒီအာရေဗျ ဘက်ကတော့ ဒီတိုက်ခိုက်မှုတွေကို ချက်ချင်း အတည်ပြုတာ မရှိသေးပါဘူး။

.

အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ဟော်မုဇ်ရေလက်ကြား ကနေ ရေနံစီးဆင်းမှုတွေ ထိခိုက်နေချိန်မှာ ဆော်ဒီ အာရေဗျ က တစ်နေ့ကို ရေနံစိမ်း စည်ပေါင်း ၄ သန်းခန့် ကို အရှေ့-အနောက် ရေနံပိုက်လိုင်း ကနေ ယန်ဘူ ဆိပ်ကမ်း ဘက်ကို လမ်းကြောင်းပြောင်း ပို့ဆောင်နေပါတယ်။ အဲဒီပမာဏဟာ ကမ္ဘာ့ရေနံထုတ်လုပ်မှုရဲ့ ၄ ရာခိုင်နှုန်းခန့် နဲ့ ညီမျှပါတယ်။

.

ယီမင်စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေက ဘာ့ဘ် အယ်လ်-မန်ဒက်ဘ်အနီးမှာရှိတဲ့ အစိုးရတပ်တွေ ဟာ အေဒင် မြို့အနောက်ဘက် ကီလိုမီတာ ၁၅၀ အကွာမှာရှိတဲ့ အယ်လ်-ဆူကီယာ ဒေသကို ပြန်လည် နေရာယူထားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အနီးအနားက ကမ်းရိုးတန်းဒေသတွေကနေ ဟူသီတပ် တွေ ကို မောင်းထုတ်ဖို့ ဆက်လက် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

.

အေဒင်မြို့ရဲ့ မြောက်ဘက် တောင်တန်းဒေသမှာတော့ ဟူသီတပ်တွေက ယီမင်ရဲ့ တတိယအကြီးဆုံးမြို့ တိုင်ဇ် ကို ဝိုင်းထားပါတယ်။ အခု ဟူသီတပ်တွေဟာ တိုင်ဇ်မြို့ကနေ ကီလိုမီတာ ၈၀ ခန့်အကွာမှာရှိတဲ့ တူရ် အယ်လ်-ဘာဟာ ခရိုင်အပြင်ဘက်အထိ ရောက်ရှိနေပြီလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

.

တိုင်ဇ်မြို့မှာ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေလည်း ပိုမိုဆိုးရွားလာနေပါတယ်။ နောက်ဆုံးတိုက်ပွဲ တွေကြောင့် ယီမင်တစ်နိုင်ငံလုံး အိုးအိမ်စွန့်ခွာခဲ့ရသူ ၃ သိန်း ခန့်ထဲက တစ်ဝက်ခန့် ဟာ တိုင်ဇ်မှာ ရှိနေပါတယ်။ အကူအညီပစ္စည်းတွေ ဝင်ရောက်နိုင်ခြင်းမရှိသလို အရပ်သားတွေလည်း မြို့ထဲကနေ ထွက်ခွာနိုင်ခြင်း မရှိပါဘူး။

.

Ref – Reuters

.

No comments:

Post a Comment

Pages