.
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်
.
Zara၊ H&M အပါအဝင်
ကမ္ဘာ့ဖက်ရှင်ကုမ္ပဏီတွေဟာ ဘင်္ဂလားဒေ့ရှ်မှာ အလုပ်သမားဆန္ဒပြမှုတွေကြောင့်
ထုတ်လုပ်မှု တွေ ထိခိုက်လာတာနဲ့ ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့်
အော်ဒါတချို့ကို အာရှနိုင်ငံတွေဘက် ပြောင်းရွှေ့ နေပါတယ်။
.
.နိုဝင်ဘာ ၁ ရက်ကနေ ၁၈ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်က
အော်ဒါ ဒေါ်လာ ၂၅၄ သန်းဖိုးလောက်ကို တခြားနိုင်ငံတွေ ဘက် ပြောင်းရွှေ့ခဲ့ပြီး
အများစုက အိန္ဒိယကို ရောက်သွားတယ်လို့ စက်ရုံပိုင်ရှင်တွေ က ပြောပါတယ်။ ဒီပမာဏဟာ
ဘင်္ဂလားဒေ့ရှ်ရဲ့ တစ်လစာအော်ဒါရဲ့ ၁၀ ရာခိုင်နှုန်းနီးပါးရှိပါတယ်။
.
ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းက နိုင်ငံရဲ့
ပို့ကုန်ဝင်ငွေ ၈၀ ရာခိုင်နှုန်းကျော်နဲ့ ထုတ်လုပ်ရေး အလုပ်အကိုင် ၄၀
ရာခိုင်နှုန်းနီးပါးကို ပံ့ပိုးပေးနေတဲ့ အဓိကလုပ်ငန်းတစ်ခုပါ။
အခုဆန္ဒပြမှုတွေကြောင့် ထုတ်လုပ်မှုဆုံးရှုံးမှုက ဒေါ်လာ သန်း ၄၀၀
ကျော်ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ် အထည်ချုပ် ထုတ်လုပ်သူနဲ့
ပို့ကုန်တင်ပို့သူများအသင်း (BGMEA) က ပြောပါတယ်။
.
အိန္ဒိယက အော်ဒါပြောင်းရွှေ့မှုမှာ
အများဆုံးရရှိနေတဲ့နိုင်ငံဖြစ်ပြီး ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့
အင်ဒိုနီးရှားတို့ကိုလည်း ဝယ်သူတွေက စဉ်းစားလာကြပါတယ်။ ရည်ရွယ်ချက်ကတော့
ထောက်ပံ့ရေး ကွင်းဆက်အန္တရာယ်ကို လျှော့ချပြီး ပစ္စည်းပို့ဆောင်ချိန်
ပိုကောင်းလာဖို့ ဖြစ်ပါတယ်။
.
နိုဝင်ဘာ ၂၅ ရက်မှာ ဘင်္ဂလားဒေ့ရှ်က
အထည်ချုပ်အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခကို ၃၆ ရာခိုင်နှုန်း တိုးမြှင့်ဖို့
အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေ တောင်းဆိုထားတဲ့ လစာနှစ်ဆ ကျော်
တိုးပေးဖို့နဲ့ မကိုက်ညီတာ ကြောင့် ရဲတပ်ဖွဲ့နဲ့ ထပ်မံပဋိပက္ခဖြစ်ခဲ့ပါတယ်။
အဲဒီလစာတိုးမှုက လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း အနည်းဆုံး တိုးမြှင့်မှုလည်း
ဖြစ်ပါတယ်။
.
စက်ရုံပိုင်ရှင်တွေကတော့ လုပ်ခ၊ လျှပ်စစ်နဲ့
ကုန်ကြမ်းစရိတ်တွေ မြင့်လာတာကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့ အရင်လို
ကုန်ကျစရိတ်သက်သာတဲ့ အားသာချက်က လျော့လာနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် လျှပ်စစ်မီးပြတ်တောက်မှု
တွေကြောင့် စက်ရုံတချို့က ပိုကုန်ကျတဲ့ အခြားလျှပ်စစ်ရင်းမြစ်တွေကို
အသုံးပြုနေရပါတယ်။
.
ဖက်ရှင်ကုမ္ပဏီတွေက အခုအချိန်မှာ ဈေးနှုန်းထက်
အော်ဒါအချိန်မီ ပို့နိုင်ဖို့ကို ပိုအရေးထား လာကြ ပါတယ်။ အိန္ဒိယ က
ဘင်္ဂလားဒေ့ရှ်ထက် တစ်ပတ်လောက် ပိုမြန်အောင် ပို့ပေးနိုင်ပြီး ဗီယက်နမ်နဲ့
ကမ္ဘောဒီးယားကတော့ ၁၅ ရက်အထိ ပိုမြန်နိုင်တယ်လို့ BGMEA တာဝန်ရှိသူက
ပြောပါတယ်။
.
ပြိုင်ဘက်နိုင်ငံတွေမှာ ထုတ်လုပ်မှုနဲ့
ပို့ဆောင်မှုကို ရက် ၆၀ ကနေ ၉၀ အတွင်း ပြီးစီးနိုင်ပေမဲ့ ဘင်္ဂလားဒေ့ရှ်မှာတော့
ရက် ၁၂၀ လောက် ကြာတတ်ပါတယ်။ ဒါကြောင့် လက်ရှိပြောင်းရွှေ့သွားတဲ့ အော်ဒါတွေဟာ
ယာယီသာမက နောက်ပိုင်းမှာ ရေရှည်အော်ဒါတွေပါ ဆုံးရှုံးသွားနိုင်တာကို
စက်ရုံပိုင်ရှင်တွေက စိုးရိမ်နေကြပါတယ်။
.
Ref – CNA
.

No comments:
Post a Comment