.
၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့
မတ်လ ၂၁ ရက်၊ နံနက်ပိုင်းက ငွေကျပ် ၈ ဒသမ ၉ ဘီလျံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား
ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊
ပိတောက်လမ်း၊ မြလင်းပွင့်မိုတယ်အနီး၌ မသင်္ကာဖွယ် မော်တော် ယာဉ်
သုံးစီးရပ်တန့်ထားကြောင်း သတင်းအရ မတ် ၂၁ ရက် နံနက် ၉ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ရှာဖွေရာတွင် Toyota Fortuners အမျိုးအစား (လိုင်စင်မဲ့) အဖြူရောင် မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ် ၃၀ လုံး
(ဆာလာအိတ် တစ်လုံးလျှင် ၂ သိန်းပြားပါ) စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၆၀ ပြား၊ Toyota
Hilux Single Cub အမျိုးအစား(လိုင်းစင်မဲ့) ခဲရောင်
မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများ
ထည့်ထားသည့် ဆာလာအိတ် ၃၇ လုံး (ဆာလာအိတ် ၁ လုံးလျှင် ၂ သိန်းပြားပါ)
စိတ်ကြွရူးသွပ်ဆေးပြား ၇၄ သိန်းပြားနှင့် Ford အမျိုးအစား
(လိုင်စင်မဲ့) အဖြူရောင်မော်တော်ယာဉ်ပေါ်မှ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြားများ
ထည့်ထား သည့် ဆာလာအိတ် ၂၂ လုံး (ဆာလာအိတ် ၁ လုံးလျှင် ၂ သိန်းပြားပါ) စိတ်ကြွ
ရူးသွပ်ဆေးပြား ၄၄ သိန်းပြား၊ စုစုပေါင်း WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား
၁၇၈ သိန်းပြား၊ ခန့်မှန်းငွေကျပ် ၈ ဒသမ ၉ ဘီလျံကျော် တန်ဖိုးရှိ
မူးယစ်ဆေးဝါးများအား ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ သိမ်းဆည်းရမိ
စိတ်ကြွရူးသွပ်ဆေးပြားများနှင့် မော်တော်ယာဉ်များအား လုပ်ထုံးလုပ်နည်း များနှင့် အညီ
ဆက်လက်ဆောင်ရွက်လျက်ရှိပြီး တရားခံများ အား ဖမ်းဆီးရမိရေး ဆက်လက်ရှာဖွေလျက်
ရှိကြောင်း သိရသည်။
.



No comments:
Post a Comment