ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့ကို ၁၈၉၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရပါသည်။ ၁၈၈၅ ခုနှစ်၊ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီးတွင် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့သော နယ်ချဲ့တို့သည် ရှမ်းစော်ဘွားနယ်မြေများကို ဆက်လက်ထိန်းချုပ်နိုင်ရန်အတွက် ညောင်ရွှေမြို့အရှေ့ဘက်ရှိ မိုင်းသောက်ရွာတွင် အခြေပြု ခံတပ်ပြုလုပ်နေထိုင်ခဲ့သော်လည်း ယင်းဒေသတွင် ငှက်ဖျားရောဂါပိုး နှိပ်စက်မှု ဒဏ်ကြောင့် ရာသီဥတု ပိုမိုကောင်းမွန်သည့် အရပ်သို့ ခံတပ်ကို ပြောင်းရွှေ့ရန်အတွက် နေရာရှာဖွေရာမှ တောင်ကြီးမြို့ကို တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဗြိတိသျှ နိုင်ငံရေးအရာရှိ ဟေလ်ဒီဘရမ်း (Hilde Brandt) ဆိုသူက မြို့တည်ရန်နေရာကို တွေ့ရှိခဲ့ခြင်း ဖြစ်သည့်အတွက် မူလ မြို့တည်စဉ်က ဟေလ်ဒီဘရမ်းမြို့ ဟု အမည်ပေးခဲ့သော်လည်း ခေါ်ဆိုရန် ခက်ခဲသဖြင့် မတွင်ကျယ်ခဲ့ဘဲ တောင်ကြီးမြို့ဟု အမည်တွင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်ရာ ၁၈၉၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော တောင်ကြီးမြို့သည် ယခု ၂၀၂၅ ခုနှစ်တွင် မြို့သက်တမ်း နှစ်ပေါင်း ၁၃၀ ကို ကျော်လွန်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ယင်းသို့ မြို့သက်တမ်း ကြာမြင့်လာသည်နှင့်အတူ တောင်ကြီးမြို့ပေါ်တွင် မြို့တည်စကတည်းက တည်ရှိခဲ့သည့် နှစ်ရာကျော် သက်တမ်းရှိ ရှေးဟောင်း သမိုင်းဝင် အဆောက်အဦများစွာကိုလည်း ယနေ့တိုင် မြင်တွေ့နိုင်ဆဲဖြစ်သည်။
.
ယင်းတို့အနက် ရှမ်းပြည်နယ်အစိုးရရုံးဟောင်း၊ ကျားခေါင်း ခန်းမ (ယခုရှမ်းပြည်နယ် လွှတ်တော်ရုံးဝင်းအတွင်း)၊ အစိုးရအိမ်တော် (ယခုဝန်ကြီးချုပ်အိမ်တော်)တို့မှာ ထင်ရှားသည်။
.
ထို့အပြင် တောင်ကြီးမြို့ပေါ်ရှိ နောက်ထပ် ထင်ရှားသည့် သမိုင်းဝင်နေရာတစ်ခုမှာ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက် ဖြစ်သည်။ ချယ်ရီပင်တန်းကြားက ခန့်ညားထည်ဝါစွာ တည်ရှိနေသော ရှမ်းပြည်နယ် ယဉ်ကျေးမှူပြတိုက် နှင့် စာကြည့်တိုက်မှာ ရှမ်းပြည်နယ်လွှတ်တော်ရုံး (ကျားခေါင်းခန်းမ) ၏ မြောက်ဘက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရုံးကြီးလမ်းထောင့်တွင် တည်ရှိပါသည်။
.
အဆိုပါ ယဉ်ကျေးမှုပြတိုက်၊ တောင်ကြီးတွင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား လူမျိုးစုများ၏ ယဉ်ကျေးမှု ပြခန်းများ၊ လွတ်လပ်ရေးသမိုင်းဝင် မှတ်တမ်းများ၊ ရှမ်းပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းများကို လေ့လာနိုင်သည့် အပြင် ယဉ်ကျေးမှုစာကြည့်တိုက်တွင်လည်း ခေတ်အဆက်ဆက်က ထုတ်ဝေခဲ့သော မြန်မာ၊ အင်္ဂလိပ်နှင့် တိုင်းရင်းသား ဘာသာ စာအုပ်၊ စာတမ်းများ၊ ရှားပါးအဖိုးတန် စာအုပ်များအပြင် ပေစာ၊ ပုရပိုဒ်စာ များ၊ နိုင်ငံတော်ပြန်တမ်းများကို တစ်စုတစ်စည်းတည်း လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။
.
ယဉ်ကျေးမှုစာကြည့်တိုက်၊ တောင်ကြီးကို ၁၉၅၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် ယဉ်ကျေးမှုပြတိုက်နှင့် ပူးတွဲ၍ စတင်ဖွင့်လှစ် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ စာကြည့်တိုက် အဆောက်အအုံကို ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြောင်းရွှေ့ဖွင့် လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
၁၉၅၆ ခုနှစ်တွင် ရှမ်းပြည်နယ်ယဉ်ကျေးမှုဌာနကို တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ၁၉၅၆-၁၉၆၀ ၌ ပြန်ကြားရေးနှင့် ပေါင်း၍ ရှမ်းပြည်နယ်ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ထို့နောက် ၁၉၆၁ ခုနှစ်တွင် ယဉ်ကျေးမှုဌာနအဖြစ် သီးခြားပြန်လည်ဖွင့်လှစ်ခဲ့ကာ ၁၉၇၅ ခုနှစ်တွင် ယဉ်ကျေးမှုနှင့် ပြန်ကြားရေးဝန်ကြီး ဌာန၊ ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန လက်အောက်တွင် လည်းကောင်း၊ လက်ရှိတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်တွင်လည်းကောင်း အဆင့်ဆင့် ပြောင်းလဲ ဆက်ခံ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
စာကြည့်တိုက် စတင်ဖွင့်လှစ်စ ကာလက အင်္ဂလိပ်-မြန်မာစာအုပ်၊ ရှမ်းစာအုပ်နှင့် ရှမ်းပုရပိုဒ် ၃၀၀ ကျော် ရှိခဲ့ သော်လည်း ယခု ၂၀၂၅ ခုနှစ်တွင် မြန်မာဘာသာ စာအုပ်စာတမ်းပေါင်း ၂၂၀၀၀ ကျော်၊ အင်္ဂလိပ်ဘာသာ စာအုပ်စာတမ်းပေါင်း ၉၀၀၀ ကျော်နှင့် တိုင်းရင်းသာဘာသာ စာအုပ်၊ စာတမ်းများ၊ ပေစာ၊ ပုရပိုဒ်စာ အများအပြားးကို စုဆောင်း ထားရှိထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
.
ထို့အပြင် လစဉ်၊ နှစ်စဉ် စာအုပ်၊ စာတမ်းများကို ဝယ်ယူဖြည့်တင်းလျက် ရှိသလို အလှူရှင်များကလည်း စာအုပ် စာစောင်များ စဉ်ဆက်မပြတ် လှူဒါန်းပေးလျက်ရှိရာ နှစ်စဉ် စာအုပ်စာတမ်းများ တိုးပွားလာနေလျက်ရှိကြောင်း သိရသည်။
.
ယဉ်ကျေးမှုစာကြည့်တိုက်၊ တောင်ကြီးရှိ စာအုပ်၊ စာတမ်းများကို အခမဲ့ငှားရမ်းဖတ်ရှုနိုင်ပြီး ငှားရမ်း ဖတ်ရှုရန် အတွက် စာကြည့်တိုက်အသင်း ဝင်ရမည်ဖြစ်ကြောင်း သိရသည်။ စာကြည့်တိုက် အသင်းဝင်ရန်အတွက် လိုင်စင်ဓါတ်ပုံ နှင့်အတူ အသင်းဝင်ဖောင် ဖြည့်သွင်းရမည်ဖြစ်ပြီး ဌာနဆိုင်ရာအကြီးအကဲ ၂ ဦး၏ ထောက်ခံချက် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။
.
စာကြည့်တိုက်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၊ စာတမ်းပြုစုနေသည့် မဟာတန်း ကျောင်းသား/ကျောင်းသူများ အများဆုံး လာရောက် စာအုပ်ငှားရမ်းလေ့ရှိပြီး လစဉ် စာအုပ်ငှားရမ်းသူ ဦးရေ ၃၀ ဦးခန့်ရှိကြောင်း စာကြည့်တိုက်မှူး ဒေါ်နှင်းလွင်အေး ထံက သိရသည်။ စာအုပ်ငှားရမ်းရာတွင် လူတစ်ဦးလျှင် စာအုပ် ၂ အုပ်ကို ရက်သတ္တပတ် ငှားရမ်းပေးပြီး စာကြည့်တိုက်ကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးချိန်အတွင်း ဖွင့်လှစ်ထားသည်ဟု သိရှိရပါသည်။
.
တောင်ကြီးမြို့ပေါ်တွင် စာကြည့်တိုက်များအနေဖြင့် တောင်ကြီးတက္ကသိုလ် စာကြည့်တိုက်၊ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်စာကြည့်တိုက်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre Taunggyi) စာကြည့်တိုက်နှင့် ယခု ယဉ်ကျေးမှု စာကြည့်တိုက်တို့အပြင် ရပ်ကွက်အလိုက် သော်လည်းကောင်း၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ အလိုက်သော်လည်းကောင်း စာကြည့်တိုက် အများအပြား တည်ရှိပြီး စာကြည့်တိုက် လုပ်ငန်းများကို လည်ပတ်ဆောင်ရွက်နေသည်မှာ ဝမ်းမြောက်ဖွယ် တွေ့မြင်ရပါသည်။
ယင်း စာကြည့်တိုက်များအနက် Community Centre Taunggyi စာကြည့်တိုက်နှင့် ယဉ်ကျေးမှုစာကြည့်တိုက် တို့မှာ မည်သူမဆို စာအုပ်၊ စာတမ်းများကို လွတ်လပ်စွာ ငှားရမ်းဖတ်ရှုနိုင်သည့်အပြင် မျက်မှောက်ခေတ်ထုတ် စာအုပ်စာတမ်းများ သာမက ရှေးဟောင်း အဖိုးတန် ရှားပါး စာအုပ်စာတမ်းများ ကိုပါ လေ့လာဖတ်ရှုနိုင်သည့်အတွက် စာပေကို ဝါသနာပါသူများ၊ ချစ်မြတ်နိုးသူများ၊ ကျောင်းသား/ကျောင်းသူများ အတွက် အဖိုး မဖြတ်နိုင်သည့် ပညာ ရတနာသိုက် ကြီးများ ဖြစ်ပါကြောင်း လမ်းညွှန်လိုပါသည်။
.
၁၉၅၆ ခုနှစ်က စတင်တည်ထောင် ဖွင့်လှစ်ခဲ့သော ရှမ်းပြည်နယ်ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်သည် ယခု ၂၀၂၆ ခုနှစ်တွင် နှစ်ပေါင်း ၇၀ သို့ တိုင် သက်တမ်းပြည့်မည် ဖြစ်သည်။ ယင်းကဲ့သို့ သက်တမ်းရင့် ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်ကြီးတွင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ ၏ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို လေ့လာရင်း အဖိုးတန် စာအုပ်၊ စာပေများကို ဖတ်ရှု လေ့လာ နိုင်ပါကြောင်း စာချစ်သူများ၊ သမိုင်းကြောင်းဆိုင်ရာ လေ့လာလိုသူများအတွက် သတင်းကောင်းပါး ရေးသား တင်ပြလိုက်ရပါသည်။ ။
.
#KBZTai #Shan #Article


No comments:
Post a Comment