.
.
ဆောင်းပါးခေါင်းစဉ်ကို ဖတ်မိသူ အနေဖြင့်
စိတ်အတွင်း၌ ဘာကြီးလဲဟု ရေရွတ်မိမည် ထင်ပါသည်။
.
ကြက်ဥဖောက်စက်ကဲ့သို့ တိရစ္ဆာန်ဥဖောက် စက်များသာ
ကြားဖူးကြသူများအတွက် ယခု လူသားဖောက်စက်ကို ရှိလို့လားဟု မယုံရဲရဲ ရှိကြပေမည်။
.
ရှိပါသည်။ တိုင်းတစ်ပါးသို့
တိုင်းတစ်ပါးသားမယားအဖြစ် ခိုးရောင်းစားခံရသည့်အမျိူးသမီးများမှာ လူသားစစ်စစ်
သားဖောက်စက်များပင် ဖြစ်ပေသည်။ အခြေခံ လူတန်းစား အမျိူးသမီး အများစုမှာ လှချင်၊
ပချင်၊ ဝတ်ချင်၊ စားချင်ကြသည်မှာ လူ့စိတ်ဆန္ဒပင်ဖြစ်ရာ ယင်းသို့ နေထိုင်နိုင်ရန်
ငွေနောက်လိုက်ရင်း လူမှောင်ခိုများ၏ မြူဆွယ်မှုဖြင့် တိုင်းတစ်ပါးသားမယား ဘဝသို့
ရောက်ခဲ့ကြရာမှ သားဖောက်ခံဘဝ ရောက်ခဲ့ကြရခြင်းဟု ကိုယ်တိုင်ကြုံတွေ့ကြရသည့်
ကံဆိုးမများနှင့် ကူညီသူများထံမှ ဇာတ်လမ်းမျိူးစုံ ကြားသိရခြင်း ဖြစ်သည်။
.
တရုတ်နိုင်ငံ၊ ရွှေလီမြို့ရောက် စာရေးဆရာ
ဟိန်းနိုင် ကမူ တရုတ်အမျိုးသားများက မြန်မာအမျိုးသမီးများကို ဆေးဘက်ဝင်သည်ဆိုကာ ဈေးကောင်းပေး
ဝယ်နေသဖြင့် ပွဲစားများက အမျိုးသမီးများကို အလုပ်ရမည်ဟု မြူဆွယ်ကာ တရုတ်ဘက်သို့
ရောင်းစားနေကြကြောင်း ဆောင်းပါးရှင်သို့ ပြောသည်။
.
ဆေးဖက်ဝင်သည် ဆိုသည်မှာ မယားအဖြစ်
တန်းဝင်မဟုတ်ဘဲ အပျော်အဖြစ် ဆက်ဆံရမှုက ခန္ဓာအဟာရ ပြေပျောက်စေသည် သာမက သားဖောက်ရာ အထိပါ
အသုံးဝင်နေသည်ကို ဆိုလိုသည်ဟု ဆောင်းပါးရှင် ဆက်သွယ်မေးမြန်းခဲ့သူများက
ပြောဆိုကြပြီး အယူအဆ အမှားတစ်ခုကို လူပွဲစားဆိုသူများက ဂျင်းထည့်ခြင်းဟုလည်း
သိရှိရသည်။
.
တိုင်းတစ်ပါး သားမယားစျေးကွက်တွင် အသက်၂၃
နှစ်အောက် မြန်မာအမျိုးသမီး တစ်ယောက်ကို ယွမ် ၃၀၀၀၀ မှ ၆၀၀၀၀ အထိ ရှိနေပြီး
ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက် လှပပါက ပိုမိုစျေးရသည်ဟု သိရသည်။
.
“မြန်မာအမျိုးသမီးတွေကို ဝယ်လက်တွေက ၂၃
နှစ်အောက် ကြိုက်ကြတယ်၊၂၃ နှစ် အထက်ဆိုရင် ကိုယ်လုံးကိုယ်ပေါက်လှမှ ရုပ်ကလည်း
ကြည့်ကောင်းမှ၊အသက် ၃၀ ကျော်ရင် မကြိုက်ချင်ကြတော့ဘူး။ ဗိုက်ခွဲမွေးထားပြီး
ချုပ်ရိုးရာပါရင် မကြိုက်ဘူး၊ ရွှေလီပတ်ဝန်းကျင်မှာကတော့ ယွမ် ၃၀၀၀၀ ဆိုတဲ့ ဈေးက ကောင်မလေး
ထွက်ပြေးရင် တာဝန်မယူဘူး။ ယွမ် ၆၀၀၀၀ ကတော့ ကောင်မလေး ထွက်ပြေးရင် နောက်တစ်ယောက်
အစားထိုး ပြန်ပေးရတယ်” ဟု ဆရာဟိန်းနိုင်က ၎င်းသိရှိရသည့် ဈေးကွက် အခြေအနေကို
ရှင်းပြသည်။
.
ယင်းဈေးသည်ပင် ယခင် ယွမ်တစ်သိန်းမှ
ဖြည်းဖြည်းခြင်း ဈေးကျလာခြင်းဖြစ်ကာ အမျိုးသမီးငယ် အများအပြား
ခိုးဝင်ရောက်ရှိလာနေသဖြင့် ဈေးကျလာခြင်းဖြစ်ကြောင်း သိရသည်။
.
လူပွဲစားဆိုသူများထံမှ စုံစမ်းသိရှိရသည်မှာ
မိန်းကလေးများကို စုစည်းထားပြီး ဝယ်လက် အဆက်အစပ် ရှိသည့်ဘက်သို့ ဆက်သွယ်၍
မိန်းကလေးများ၏ ဗွီဒီယိုနှင့် ကိုယ်လုံးပေါ် ဓာတ်ပုံ အမျိုးမျိုးကို ပေးပို့ရသည်ဟု
သိရသည်။
.
“ကြိုက်ပြီဆိုရင် လူ သွားပြပေးရတယ်၊ သွားပြချိန်မှာ
တစ်ခါတည်း တည့်သွားရင်တော့ ငွေပေးငွေယူ လုပ်တယ်။ ပွဲစားအများစုကတော့ လောပန်းတွေ
ဝယ်ယူပေါင်းသင်းထားတဲ့ မြန်မာ အမျိုးသမီးတွေ ဖြစ်တာ များတယ်။ တစ်ခါတလေလည်း
ကိုယ့်ဘက်က ဆေးစစ်ပေးထားရတယ်၊ ဆေးစစ်ထားတဲ့ အထောက်အထား မရှိရင်တော့ မဝယ်တာ
များတယ်။ အဓိက ကတော့ ဝယ်လက်အများစု ကြိုက်ကြတာက၂၃ နှစ်အောက်က ဆေးဘက်ဝင်တယ်ဆိုပြီး
ကြိုက်ကြတာ များတယ်။ ၁၇ နှစ်၊ ၁၈ နှစ်တွေက ဈေးကောင်းရတယ်။ အဲဒီအရွယ် တွေဟာ
ဆေးဘက်ပိုဝင်တယ်လို့ ပြောကြတယ်” ဟု ဆိုသည်။
.
လူပွဲစားများသည် မြန်မာမိန်းကလေးများကို
ခိုးပေါက်မှ သွင်းသလို ပြန်ဝင်လိုသူများကိုလည်း ခိုးပေါက်မှ စီစဉ်ပေးနေရာ တစ်ဦးလျှင်
အဝင် အထွက် ယွမ်၂၅၀၀ ယူကြောင်း သိရသည်။
.
စာရေးဆရာ ဟိန်းနိုင် အနေဖြင့်
တရုတ်နိုင်ငံအတွင်းသို့ ရောင်းစားခံထားရသူ မြန်မာမိန်းကလေးများကို ဆက်သွယ်ကူညီနေရာ
လက်ရှိတွင် တရုတ်ပြည်မကြီး အတွင်း၌ ပိတ်လှောင်ခံထားရပြီးနောက် နှိပ်စက် ခံနေရသည့် Hanny
ဆိုသည့် facebook အကောင့်ပိုင်ရှင်ကို
တတ်နိုင်သမျှ ကူညီနေကြောင်းလည်း သိရသည်။
.
တရုတ်နိုင်ငံဘက်သို့ အလုပ် သွားလုပ်ရန် လာသည့်
မိခင်နှင့် သမီးအနက် သမီးဖြစ်သူကို အလုပ်ရမည်ဆိုပြီး လိမ်ညာပြောကာ ရောင်းစားခံရသူ
အမျိုးသမီးငယ် တစ်ဦးကိုလည်း ပွဲစားများ ခြိမ်းခြောက်နေသည့် ကြားမှ ပြည်တွင်းသို့
ပြန်ဝင်နိုင်အောင် ကြိုးပမ်းပေးခဲ့ရပြီး ရွှေလီဘက်တွင် ယင်းကဲ့သို့
အမျိုးသမီးငယ်များ အများ အပြား ရှိနေကာ အချို့လည်း အနှိပ်ခန်းကဲ့သို့သော
နေရာမျိုးတွင် လမ်းဆုံးနေကြရသဖြင့် အတတ်နိုင်ဆုံး မလာကြရန် ပြောဆို အကြံပြုသည်။
.
၎င်းက “အဓိကတော့ နယ်စပ်စည်းရိုး ခိုးပေါက်တွေကနေ
သွင်းနေတဲ့ လူကုန်ကူးမှု ကြီးထွားနေတာလည်း ပါတယ်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်မှ ၂၀၂၆
ခုနှစ် ယခုကာလအထိ နယ်စပ်ခိုးပေါက်များမှ သွင်းနေပြီး လူကုန်ကူးမှု ကြီးထွားနေပုံ
တွေ့ရတယ်။ အမျိုးသမီးပျိုများ ရောင်းစားခံ ဘဝတွေကတော့ အရေးယူမှု အားနည်းနေခြင်း လက္ခဏပါပဲ”
ဟု သုံးသပ်သည်။
.
၎င်း ကယ်တင်ရန်ကြိုးပမ်းနေသည့် Hanny ဆိုသည့် မြန်မာအမျိုးသမီးငယ်မှာ မြန်မာပြည်အလယ်ပိုင်း မြို့တစ်မြို့မှ ဖြစ်ကာ
၎င်း၏ သူငယ်ချင်းလိုခင်သူ တစ်ဦး၏ တရုတ်နိုင်ငံအတွင်း စက်ရုံအလုပ်၊ လစာကောင်း ရမည်ဟု
မြူဆွယ်မှုနှင့် တရုတ်နိုင်ငံသို့ ခိုးပေါက် ခိုးလမ်းမှ ခေါ်ဆောင်သွားပြီး
တစ်ဖက်လှည့်နှင့် တရုတ် မယားအဖြစ် ရောင်းစားခံခဲ့ရခြင်းဖြစ်ကြောင်း ဆောင်းပါးရှင်
ကိုယ်တိုင် ဆက်သွယ်ပြောဆိုခွင့်ရသဖြင့် သိရသည်။
.
Hanny ၏ ပြောပြချက်အရ ၎င်းအပါအဝင် ၁၄ ဦး
ရောင်းစားခံရခြင်း ဖြစ်ပြီး ယင်းအထဲမှ ထွက်ပြေး၍ ဖမ်းမိသူ ၃ ဦးမှာ အသတ်ခံရချေ
ရှိသည်ဟု ၎င်းက ပြောသည်။
.
“ဟုတ်ပါတယ်။ သမီးက ရောင်းစားခံရတာပါ။
တရုတ်ပြည်မကြီးထဲမှာ ဒူးထောက် တောင်းပန်ပြီး လက်အုပ် ချီပြီး သမီးကို ပြန်လွှတ်ပေးပါ
ပြောတော့လည်း ပြန်မလွတ်ပေးပါဘူး။ ရဲစခန်းကိုလည်း သွားမရအောင် မနက်လည်း သော့ခတ်၊
ညဘက် သူတို့အိပ်လည်း သော့ခတ်ထားပါတယ်။ သမီးက တရုတ်ပြည်မကြီး ထဲမှာပါ။ သမီး နေတဲ့
နေရာကို ရှောက်ယန်လို့ ခေါ်ကြပါတယ်။ နှိပ်စက်လည်း ခံရပါတယ်။ ထမင်း မစားရတာလည်း တော်တော်ကြာပါပြီ။
သမီးကို နင် ရဲဖမ်းခံလည်း ရဲကို ငါတို့ပိုင်တယ်လို့ ခြိမ်းခြောက် ပါတယ်။
ပါးတွေလည်း အရိုက်ခံရပါတယ်။ ပိုက်ဆံလည်း မပေးပါဘူး။ ပွဲစားကို နှိပ်စက်ခံရကြောင်း
ပြောပြ တော့လည်း ပွဲစားမက ပိုက်ဆံယူသွားပြီး သမီးကို လှည့်မကြည့်ပါဘူး။ သမီးကို
ကယ်ပေးကြပါရှင့်။ သမီး မြန်မာပြည် ပြန်ချင်လို့” ဟု ငိုယိုပြောကြားခဲ့သည်။
.
၎င်းကို ရွှေလီမြို့မှ မိုင်ပေါင်း ၁၄၁၄
မိုင်ဝေးကွာသည့် ဟူနန်ပြည်နယ်၊ ရှောက်ယန်မြို့ရှိ ၅ ထပ်တိုက် အပေါ်ဆုံး၌
သော့ခတ်ပိတ်လှောင်ထားခြင်း ခံနေရကြောင်း သိရသည်။
.
မြန်မာနိုင်ငံ နယ်စပ် ရွှေလီမြို့သို့ ကားဖြင့် ၂၄
နာရီမောင်းနှင်ရမည် ဖြစ်ပြီး ခိုးလမ်းအနေဖြင့် ၂ ရက် ၃ ညခန့် မောင်းနှင်ရမည်
ဖြစ်သဖြင့် ၎င်းကို ကယ်တင်နိုင်ရန် ခက်ခဲနေကြောင်း ရွှေလီမြို့ရှိ
မြန်မာနိုင်ငံသားများအား ကူညီနေသူ တစ်ဦးကဆောင်းပါးရှင် ကို ပြောသည်။
.
“ခုက ငွေယူပြီး မယားလုပ်သူတွေကို ထွက်ပြေးလို့
မိရင် တရုတ်ရဲက သူ့ယောက်ျားဆီပဲ ပြန်ပို့တော့တယ်။ တရုတ်မယားကို
ကယ်ထုတ်ခေါ်ပေးသူတွေ သပ်သပ် ရှိပေမဲ့ သိပ်ဝေးလွန်းနေတော့ ခက်ခဲနေတယ်” ဟု ပြောသည်။
.
Hanny ကို တရုတ်ယောက်ျားက ကိုယ်ဝန်ဆောင်ရန်သာ
လုပ်ဆောင်နေသဖြင့် ထွက်ပြေး၍လည်း မရ ဖြစ်နေသည်ဟု သိရသည်။
.
ကိုယ်ဝန်ဆောင် ကလေးမွေးခိုင်းသည်နှင့် ပတ်သက်၍ ယင်းဖြစ်ရပ်မျိုးကို
လိုက်လံကယ်တင်ခဲ့ရသူ တစ်ဦးက “ငွေတစ်ခုတည်း မကြည့်ကြပါနဲ့၊ တူတူတန်တန် လက်ထပ်ယူကြတာ
ရှိပေမဲ့ သားမမွေးဘဲ မိန်းခလေးချည်း ၂/၃ ကြိမ်ဆိုရင် ဆက်မပေါင်းဘဲ ပြန်ရောင်းချတာ၊
ပြန်ဝယ်သူတွေက ဆင်းရဲပြီး ကျဘမ်းတွေဆိုရင် တစ်ယောက်ထဲ မတတ်နိုင်လို့ ၂/၃ ယောက်
ပေါင်းဝယ်ထားပြီး လင် ၂/၃ ယောက် ပေါင်းရတာ။ ဒီကနေ တစ်ဆင့်နိမ့်သွားရင် ဇိမ်ခန်းတွေ
ရောက်ကုန်တာ အများကြီးပါပဲ။ တရုတ်လို ဖွံ့ဖြိုးပြီး နိုင်ငံမှာ ဓနိမိုး၊ ထရံကာ၊
ပျဉ်ခင်းတဲတွေ မင်္ဂလာဆောင်ပွဲကို ကျွဲဂျိုထော်လာဂျီတွေနဲ့ လှည့်လည်တာ၊ ညစာစားပွဲက
စားပွဲကုလားထိုင်တွေက ရွာစာသင်ကျောင်းကဟာတွေ၊ လျှပ်စစ်မီး မရှိဘဲ အောက်လင်းမီး တွေ
ဘက်ထရီမီးချောင်းတွေ တပ်ဆင်ထားပြီး ထိုင်ခုံတွေနားမှာ ဝက်တွေ သွားလာနေတာတွေ အထိ
ရှိပါတယ်၊ ရွှံ့နဲ့နံရံ လုပ်ထားတဲ့ တောအိမ်တွေထဲ နေကြတာ။ သူ့ဆီကို ရောက်ဖို့
ရွှေလီကနေ ကား၊ မီးရထား အဆင့်ဆင့်နဲ့ ၄ ရက်ကြာအထိ စီးသွားရတဲ့ နေရာတွေ (မွန်ဂိုနယ်စပ်က ရွာတွေ) က လာဝယ်သွားတာ
ခံရသူ တစ်ဦးနောက် ကယ်ဖို့ လိုက်ခဲ့ဖူးပါတယ်။ မင်္ဂလာဆောင်ခန်းမနဲ့ မှတ်တမ်းတွေ အကုန်ပြပြီး
ကယ်ပေးဖို့ လိုက်ခဲ့ပေမဲ့ တရုတ် တာဝန်ရှိသူတွေ အပြည့်အဝ မပူးပေါင်းပေးလို့
ပြန်မရခဲ့ပါဘူး။ အမေက လင် ၈ ယောက်ထိ ရှိပြီး အဖွားနဲ့အတူနေချိန် ၁၄ နှစ်သမီးကို
ယွမ် ၂၀၀၀၀ နဲ့ရောင်းစားခံခဲ့ရတာပါ” ဟု ပြောသည်။
.
ယင်းကဲ့သို့ ကိုယ့်သွေးသား ဖြစ်သည့် သားသမီး
အရင်းများကို ရောင်းစားခံရသည့် ဖြစ်ရပ်များအပြင် ခန္ဓာကိုယ် အစိတ်အပိုင်းများ
ရောင်းချသည့် ဈေးကွက်လည်း ရှိနေသည်ဟု လူမှုကူညီသူများထံက သိရသည်။
.
လူမှုကူညီသူ တစ်ဦးက “လူငယ်တွေရဲ့
သွေးရည်ကြည်ကတော့ ဆေးဖက်ဝင် နုပျိုစေတယ်ဆိုပြီး ရောင်းကောင်းနေတာ ကြာပြီ၊ တစ်ခါ
လဲထည့်ရင်တောင် တစ်လီတာကို ပျမ်းမျှ အမေရိကန် ဒေါ်လာ ၈,၀၀၀
ဝန်းကျင်လောက် ပေါက်စျေး ပေါက်တာ။ တစ်နှစ်စာ အစီအစဉ်တွေဆိုရင် ဒေါ်လာ ၂
သန်းကျော်တဲ့” ဟု ပြောသည်။
.
ကျောက်ကပ်၊ နှလုံး၊ မျက်ကြည်လွှာများလည်း ဈေးကွက်
ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်ဟု ဆိုသည်။
.
လူမှုကူညီသူများအနေဖြင့် လူစိုက်၊ ငွေစိုက်
ကယ်တင်ပေးနေရပြီး ထပ်ခါထပ်ခါ ရောက်လာနေခြင်းက တဖြည်းဖြည်း ကယ်ဆယ်ရေးကို
လက်လွှတ်လာရသည်များလည်း ရှိလာနေပြီဟု ဆိုသည်။
.
ကယ်ဆယ်ရန် ကြိုးပမ်းနေစဉ်အတွင်း စန်းတုံးခရိုင်၌
တိုက်အောက်ခုန်ချရာမှ ခါးကျိူး၍ ဘဝဆုံးသွားသည့် မိန်းကလေး တစ်ဦးလည်း ရှိခဲ့ပြီး
အများအားဖြင့် ယူနန်ပြည်နယ်အတွင်း အလှမ်းမဝေးပါက ကယ်ဆယ် နိုင်ခဲ့သူ ၃၀ ဦးကျော်
ရှိခဲ့ပြီဟု ဆိုသည်။
.
တရုတ်နိုင်ငံ အတွင်းသို့ နေ့စဉ်
ခိုးဝင်သူအများအပြား ရှိနေပြီး ယင်းတို့အနက် တရုတ်မယားအဖြစ် ရောင်းစားခံရသူမှာ
အများစု ဖြစ်သည်ဟု ဆိုသည်။
.
အမေရိကန်တွင် ငွေဝယ်ကျွန်စနစ် ထွန်းကားစဉ်က
အာဖရိကလူမျိူးများကို ဖမ်းဆီးကာ သားဖောက်စက် အဖြစ် မျိူးပွားကာ ကျွန်မှ မွေးသည့် ကျွန်သဘောက်ကလေးများ
မွေးထုတ်ခဲ့သည့် သမိုင်းဖြစ်ရပ်များ ရှိခဲ့သည်။
.
ယခုတွင် မြန်မာအမျိုးသမီးငယ်များကို
တရုတ်ပြည်အတွင်း မယားအမည်ခံ လိင်ကျွန်၊ သားဖောက်စက်များ အဖြစ် ခေတ်သစ် ငွေဝယ်ကျွန်များအဖြစ် ခံစားနေရသည်များကို
ပပျေက်စေရန် တာဝန်ရှိသူများနှင့် ပြည်သူ များ ပူးပေါင်းကာ တိုင်းပြည်ငြိမ်းချမ်းရေး၊
အလုပ်အကိုင်များ ပေါများရရှိရေးတို့ကို အထူးအလေးမူ လုပ်ဆောင်သွားရန် လေးနက်စွာ
အကြံပြုအပ်ပါသည်။
.
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။ ။
.



No comments:
Post a Comment