.
၂၀၂၆ ခုနှစ် ၊ မတ်လ ၁၆ ရက်
.
တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အားကစားကွင်း
ပတ်လည်ရှိ ဆိုင်ခန်းအချို့ ယခုရက်ပိုင်းမှ စတင်၍ ၎င်းတို့ (ဆိုင်ခန်းပိုင်ရှင်များ)
အစီအစဉ်ဖြင့် စတင်၍ ဖျက်သိမ်း/ပြောင်းရွှေ့မှုများ ပြုလုပ်နေကြောင်း သိရသည်။
.
.အဆိုပါ ပြည်နယ်အားကစားကွင်း ပတ်လည်ရှိ
လူနေတိုက်ခန်းနှင့် ဆိုင်ခန်းများကို ယခုလ ၂၀ ရက် အပြီး ပြောင်းရွှေ့ဖယ်ရှားရန်
ဆိုင်ခန်းပိုင်ရှင်များအား သက်ဆိုင်ရာက အကြောင်းကြားထားခြင်း ဖြစ်ကာ
လူနေတိုက်ခန်းများကို အေးသာယာမြို့ရှိ မင်းကျန်စစ်အိမ်ရာတွင် လည်းကောင်း၊ စားသောက်ဆိုင်များကို
အဝေရာ မီးပုံးပျံကွင်းအနီးတွင် လည်းကောင်း၊ ကားပစ္စည်းဆိုင်များကို တည်ဆောက်ဆဲ
ညိုမီးဘက်ရှိ ကားကြီးကွင်း အတွင်းတွင် လည်းကောင်း
ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။
.
“ကျွန်တော်တို့က ကိုယ့်အစီအစဉ်နဲ့ ကိုယ်
ပြောင်းရွှေ့နေတာပါ။ ကားကြီးကွင်းထဲမှာ ကျွန်တော်တို့ကို နေရာချထားပေးမယ်ဆိုတာက
ဘယ်အခါမှ ဆောက်မလဲ၊ ၆ လ ကြာမလား၊ တစ်နှစ်ကြာမလား၊ မပြောတတ်ဘူးပေါ့။ အခက်အခဲကတော့
နေရာ မရှိ၊ နေရာငှားရမှာပေါ့။ အပြောင်းအရွှေ့ ဖြစ်သွားတော့ စီးပွားရေးကလည်း
ဘယ်လိုလုပ် ဖြစ်တော့မှာတုန်း” ဟု ကားပစ္စည်းဆိုင် ပိုင်ရှင်တစ်ဦးက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ယင်းဘောလုံးကွင်း တိုက်တန်းအတွင်း
ထမင်းဆိုင် ဖွင့်လှစ်ရောင်းချနေသူ တစ်ဦးကလည်း “ကျွန်မတို့လည်း အခု ဆိုင်
စသိမ်းနေပြီပေါ့။ ဆိုင်ခန်းငှားခတွေက ဈေးကြီးတော့ ချက်ချင်းပြန်ဖွင့်ဖို့
မလွယ်သေးဘူး။ ဆိုင်ငှားခက တစ်လကို သိန်း ၄၀ လောက်ဆိုတော့ တော်တော် စဉ်းစားနေရတယ်။
မိတ် မပျက်အောင် အခြေအနေကြည့်ပြီး အိမ်မှာပဲ ပြန်ဖွင့်ရမလား စဉ်းစားနေရတယ်” ဟု
ဆိုသည်။
.
ပြည်နယ်အားကစားကွင်း ပတ်လည်တွင် လူနေဆိုင်ခန်း
စုစုပေါင်း ၁၅၀ ကျော် ရှိပြီး အများစုမှာ ကားပစ္စည်းဆိုင်များ၊
စားသောက်ဆိုင်များနှင့် လူနေတိုက်ခန်းများ ဖြစ်ကာ အခြား လုပ်ငန်းများလည်း
ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အားကစားကွင်း
ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများအား ယခုလ ၂၀ ရက် အပြီး
ပြောင်းရွှေ့သွားရန်နှင့် သတ်မှတ်ရက်အတွင်း ဖယ်ရှားခြင်း မရှိပါက ၁၉၉၅ ခုနှစ်
အစိုးရ အိမ်ဥပဒေ(နှင်ထုတ်ခြင်း) အက်ဥပဒေအရ ဖယ်ရှားသွားမည် ဖြစ်ကြောင်း
ဆိုင်ခန်းရှင်များထံ သက်ဆိုင်ရာက အကြောင်းကြားထားသည်ဟု သိရသည်။
.
အဆိုပါ ဆိုင်ခန်း/တိုက်ခန်းများ နေရာတွင်
နိုင်ငံတကာအဆင့်မီ အားကစားကွင်း/အားကစားရုံနှင့် ရေကူးကန်၊ လူငယ်ရေးရာစင်တာများ
တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသော်လည်း လုပ်ငန်းစီမံကိန်းနှင့် ပတ်သက်၍ တစ်စုံတရာ
ထုတ်ပြန်ခြင်း မရှိသေးပေ။
.



No comments:
Post a Comment