၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ဒေသအတွင်းရှိ စက်လှေ မောင်းနှင်သူများသည် စက်သုံးဆီ ဒီဇယ် ဝယ်ယူ၍ မရသဖြင့် အခက်အခဲများ ဖြစ်ပေါ်နေပြီး စက်လှေခ ဈေးနှုန်းများ တိုးမြှင့် ကောက်ခံ နေရကြောင်း သိရသည်။
.
“ဆီဝယ်လို့ အဆင်မပြေဘူး။ ဝယ်လို့မရဘူး။ ဆီ မရတော့ ဘာမှ လုပ်လို့မရဘူး။ လက်ရှိပေါက်ဈေးကို တစ်ဂါလံ ၄ သောင်းကျော်ကနေ ၅ သောင်းအထိ ရှိတယ်။ စက်လှေက အစပိုင်းတော့ ပုံးတွေနဲ့ ဝယ်လို့ ရတယ်။ အခုတော့ မရတော့ဘူး” ဟု ညောင်ရွှေစက်လှေဆိပ်မှ စက်လှေပြေးဆွဲနေသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ညောင်ရွှေမှ အင်းလေးဖောင်တော်ဦးဘုရားသို့ သွားရောက်ရာတွင် ဒီဇယ် ၂ ဂါလံခွဲခန့် ကုန်ကျသည့်အတွက် ဆီဖိုးပင် ကျပ် တစ်သိန်းကျော် ကျသင့်နေပြီး စက်လှေခ ၂ သိန်းကျပ်ဝန်းကျင်အထိ ကျသင့်မည်ဖြစ်ကာ ယခင် စက်သုံးဆီအခက်အခဲ မဖြစ်ပေါ်မီက စက်လှေစီးခ တစ်ခေါက်လျှင် ၆၅၀၀၀ ကျပ်ခန့်သာ ရှိခဲ့ကြောင်း ၎င်း ထံက သိရသည်။
ထို့အတူ နမ့်ပန်စက်လှေဆိပ်မှ စက်လှေမောင်းနှင်သူ ဦးရွှေထူး ကလည်း “ဒီဇယ် တစ်လီတာကို တစ်သောင်းခွဲနား ကပ်နေပြီ။ စက်လှေခက နမ့်ပန်ဂိတ်ကနေ ဖောင်တော်ဦး၊ အလိုတော်ပေါက်၊ ကြောင်ခုန်ကျောင်း ဆိုရင် တစ်သိန်းခွဲ ယူပါတယ်။ ခရီးသည်က ပါးတော့ တစ်ရက်ကို တစ်ခေါက် ဆွဲရဖို့တောင် မနည်းရုန်းကန်နေရပါတယ်” ဟု ပြောဆိုခဲ့သည်။
.
လက်ရှိ ညောင်ရွှေမြို့နယ်တွင် ပရီမီယံဒီဇယ် တစ်လီတာလျှင် ရည်ညွှန်းဈေးနှုန်းမှာ ဒီဇယ်ရိုးရိုး တစ်လီတာ ၅၅၇၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၆၂၁၀ ကျပ် ဖြစ်သော်လည်း စက်လှေ မောင်းနှင်သူများ အနေဖြင့် ပြင်ပတွင် တစ်ဂါလံ (၄ လီတာ) လျှင် ၃၈၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ် ဝန်းကျင်အထိ ပေး၍ ဝယ်ယူ နေရပြီး လိုသလောက်လည်း ဝယ်ယူ၍မရကြောင်း သိရသည်။
.
ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ဒေသတွင်း ရေပေါ် အလည်အပတ်ခရီးစဉ်အတွက် ဒီဇယ်အင်ဂျင်သုံး စက်တပ်လှေများကို အဓိက အသုံးပြုနေကြပြီး ဒေသခံ လူထုများ၏ လူမှုစီးပွားရေး ကိစ္စများတွင်လည်း စက်လှေကို အဓိကထား အသုံးပြုနေရကြောင်း သိရသည်။
.
#KBZTai #Shan #NyaungShwe #InLe


No comments:
Post a Comment