ခရီးသွားရာသီ ရောက်သော်လည်း တောင်ကြီးတွင် ဧည့်သည်ဝင်ရောက်မှုနည်းပါး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, March 29, 2026

ခရီးသွားရာသီ ရောက်သော်လည်း တောင်ကြီးတွင် ဧည့်သည်ဝင်ရောက်မှုနည်းပါး

၂၀၂၆ ခုနှစ်၊ မတ်လ ၂၉ ရက်


နွေရာသီ ကျောင်းပိတ်ကာလ ခရီးသွားရာသီ ဖြစ်သော်လည်း ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ အပါအဝင် ရှမ်းတောင်ဒေသတွင်းရှိ ထင်ရှားသည့် နေရာများသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါး နေကြောင်း သိရသည်။

.

ယခင်နှစ်များက နွေရာသီကျောင်းပိတ်ချိန် ခရီးသွား ရာသီများတွင် တောင်ကြီးမြို့ပေါ်၌ ခရီးသွား ဧည့်သည်များဖြင့် စည်ကားနေတတ်ပြီး ယခုနှစ်တွင်မူ စက်သုံးဆီ အကြပ်အတည်းနှင့် မော်တော်ယာဉ်သွားလာနိုင်မှု အခက်အခဲများကြောင့် ဧည့်သည်ဝင်ရောက်မှု နည်းပါးခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများထံက သိရသည်။

.

“အရင်က ဒီအချိန်ဆိုရင် မြို့ထဲမှာ ဧည့်သည်တွေ ပြည့်နေတာပေါ့။ စူဠာမုနိနားဆိုရင်လည်း လေအိတ်ကားတွေ ရပ်စရာ နေရာတောင် မရှိဘူး။ အခုကြတော့ လမ်းပေါ်မှာတောင် ရှင်းနေတာပေါ့” ဟု တောင်ကြီးဒေသခံ ကိုကောင်းခန့်က ပြောသည်။


ခရီးသွားရာသီ ရောက်တိုင်း အပူရှောင်လိုသူများနှင့် ခရီးသွားဧည့်သည်များ လာရောက်တတ်သည့် တောင်ကြီးမြို့ အပါအဝင် အင်းလေး၊ ပင်းတယ အစရှိသည့် ဒေသများတွင်လည်း ခရီးသွားဝင်ရောက်မှု နည်းပါးနေကြောင်းသိရသည်။

.

ဘုရားဖူး ခရီးသွားများအနေဖြင့် နွေရာသီကာလအတွင်း တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ ကက္ကူ၊ ထမ့်ဆမ်း နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ အခြား ထင်ရှားသည့် နေရာများသို့ လာရောက်လည်ပတ်ရန် စီစဉ်မှုများ ရှိသော်လည်း စက်သုံးဆီ အကြပ်အတည်းကြောင့် ခရီးစရိတ်များ ၃ ဆကျော် မြင့်တက်သွားသည့်အတွက် စီစဉ်ပြီးခရီးစဉ်များ ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။


#KBZTai #Shan #Taunggyi

No comments:

Post a Comment

Pages