မူဆယ်တွင် ပြည့်တန်ဆာအဖြစ် စေခိုင်းခံရသည့် မိန်းကလေးငယ် ၃ ဦးကို လူမှုရေးအသင်းများက ကူညီ ကယ်ဆယ်နိုင်ခဲ့ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, March 23, 2026

မူဆယ်တွင် ပြည့်တန်ဆာအဖြစ် စေခိုင်းခံရသည့် မိန်းကလေးငယ် ၃ ဦးကို လူမှုရေးအသင်းများက ကူညီ ကယ်ဆယ်နိုင်ခဲ့

.

၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် လူကုန်ကူးခံရပြီး ပြည့်တန်ဆာအဖြစ် စေခိုင်းခံရသည့် အမျိုးသမီး ငယ် ၃ ဦးကို လူမှုရေးအသင်းများက ကူညီကယ်ဆယ်နိုင်ခဲ့သည်ဟု သိရသည်။

.

.

အဆိုပါ မိန်းကလေးငယ် ၃ ဦးသည် အလုပ်လုပ်ရန် ပွဲစားနှင့် ချိတ်ဆက်ပြီး နေပြည်တော်မှ မူဆယ်မြို့သို့ ရောက်ရှိလာခြင်းဖြစ်ကာ မူဆယ်အရောက်တွင် ပြည့်တန်ဆာလုပ်ကိုင်ရန် စေခိုင်းခံရခြင်းဖြစ်ကြောင်း သိရသည်။

.

မိန်းကလေးများက ပြည့်တန်ဆာ မလုပ်နိုင်ကြောင်း ပြောဆိုရာတွင် အလုပ်ရှင်က မလုပ်နိုင်လျှင် ငွေကျပ် ၁၇၂၀၀၀၀ ပေးမှ လွှတ်ပေးမည်ဖြစ်ကြောင်း ပြောဆိုလာသည့်အတွက် မူဆယ်မြို့ရှိ မြင့်မြတ်ပါရမီအသင်း နှင့် လက်ဖက်ညွန့် လူမှုကူညီရေးအသင်းတို့က ငွေပေးပြီး မိန်းကလေး ၃ ဦးအား ကယ်ထုတ်လာပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

“သူတို့ (မိန်းကလေးတွေ) က ည ၁၂ နာရီ၊ ၁ နာရီလောက် ကျွန်တော့်ဖုန်းကို ဆက်သွယ်လာတာပါ။ သူတို့ သူငယ်ချင်း ၃ ယောက်ကို လားရှိုးမှာ Spa လုပ်ငန်း လုပ်ရမယ်ဆိုပြီး ခေါ်လာတာလို့ သိရပါတယ်။ လားရှိုး ဆိုပြီး မူဆယ်ရောက်လာတာပါ။ မူဆယ်ရောက်တော့ မကောင်းတဲ့ ပြည့်တန်ဆာလုပ်ငန်း လုပ်ခိုင်းတာပါ။ ခေါ်လာတဲ့သူက အပ်သွား ပုံရပါတယ်။ တစ်ယောက်ကို ၇၂၀၀၀၀ နဲ့ သုံးယောက်ကို ၁၇၂၀၀၀၀ ပေးရင် ပြန်လွှတ်ပေးမယ်ပြောလို့ ကျွန်တော့်မိတ်ဆွေတွေဆီမှာ ချေးငှားပြီး ပြန်သွားခေါ်လာတာပါ” ဟု မြင့်မြတ် ပါရမီ သွေးလှူရှင်နှင့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ မိန်းကလေးငယ်သုံးဦးကို ယနေ့ မတ်လ ၂၃ ရက်၊ နံနက်အစောပိုင်း ၁ နာရီကျော်ခန့်တွင် မြင့်မြတ် ပါရမီအသင်းနှင့် လက်ဖက်ညွန့်လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ငွေကျပ် ၁၇၂၀၀၀၀ ဖြင့် ကယ်ဆယ် လာပြီး မြင့်မြတ်ပါရမီအသင်းရုံး၌ ခေတ္တ စောင့်ရှောက်ပေးထားကြောင်း သိရသည်။

.

“မိန်းကလေးတွေအနေနဲ့ မူဆယ်ဘက်ကို မလာစေချင်ပါဘူး။ လာမယ်ဆိုရင်လည်း တကယ့်ကို ခင်မင်ရတဲ့၊ တိကျခိုင်မာတဲ့ ကုမ္ပဏီတွေနဲ့ပဲ သေချာစိစစ်၊ စုံစမ်း ချိတ်ဆက်ပြီးမှ လာစေချင်ပါတယ်။ တစ်ခါတစ်လေ တရုတ်ပြည် ရွှေလီ၊ ကျယ်ဂေါင်ရောက်သွားမှ ကျွန်တော်တို့ဆီကို ဖုန်းဆက် အကူအညီတောင်းလာတာမျိုး ဆိုရင် ကူညီဖို့ အခက်အခဲဖြစ်ရတော့ ကျွန်တော်တို့လည်း ဝမ်းနည်းရပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆို ခဲ့သည်။

.

လက်ရှိတွင် ကယ်ထုတ်လာသည့် မိန်းကလေး ၃ ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က မေးမြန်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages