တောင်ကြီးမြို့၊ နာရီစင်ညဈေးရှိ ဈေးသည်များအား သင်္ကြန်အပြီးတွင် နေရာပြောင်းရွှေ့ခိုင်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Friday, March 27, 2026

တောင်ကြီးမြို့၊ နာရီစင်ညဈေးရှိ ဈေးသည်များအား သင်္ကြန်အပြီးတွင် နေရာပြောင်းရွှေ့ခိုင်း

.

၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်

.

တောင်ကြီးမြို့၏ အထင်ကရ နေရာတစ်ခုဖြစ်သည့် နာရီစင်ညဈေးရှိ ဈေးသည်များအား မဟာသင်္ကြန် ကာလအပြီး ဧပြီလ ၁၈ ရက် နောက်ဆုံးထား၍ ဈေးမြောက်ဘက် ကုန်သည်လမ်းသို့ ပြောင်းရွှေ့ရန် ညဈေးတန်းကြီးကြပ်မှုကော်မတီက ညွှန်ကြားထားကြောင်း သိရသည်။

.

.

တပင်ရွှေထီးလမ်းရှိ အဆိုပါ ညဈေးနေရာတွင် အထပ်မြင့်ကားပါကင် ဆောက်လုပ်ရန်အတွက် ညဈေးအား ဖျက်သိမ်းခိုင်းပြီး ယင်းနေရာမှ ဈေးသည်များကို ကုန်သည်လမ်းတွင် ပြန်လည်ရောင်းချနိုင်ရန်အတွက် လျှောက်လွှာများ ပြန်တင်ခိုင်းထားကြောင်း ဈေးသည်များထံက သိရသည်။

.

ညဈေးတန်း ပြောင်းရွှေ့နိုင်ရေးအတွက် မတ်လ ၂၅ ရက်က တောင်ကြီးမြို့၊ မြို့တော်ခန်းတွင် ညဈေးတန်းကြီးကြပ်မှုကော်မတီက ဈေးသည်များအား အစည်းအဝေး ခေါ်ယူ၍ အသိပေးပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

လျှောက်လွှာယူမှ နေရာပြန်ပေးမယ်လို့ ပြောတယ်။ ကျွန်မတို့ဆန္ဒကတော့ လျှောက်လွှာလည်း မယူချင်ဘူး၊ နေရာလည်း မဖယ်ချင်ဘူး။ ဖယ်ပေးဖို့ သဘောတူလို့ သွားတာမဟုတ်ဘူး။ ကျွန်မတို့ကို ဒီအတိုင်း အစည်း အဝေးဆိုပြီး ခေါ်တွေ့တာပါ။ သူတို့က ဒါကို အပိုင်ယူလိုက်ပြီး ဟိုဘက်မှာ ယာယီ ပေးမယ်။ ယာယီပေးပြီး ဖျက်ဆိုတဲ့အချိန် ဖျက်ရမှာပါ” ဟု ညဈေးတန်းတွင် ဈေးရောင်းချနေသည့် ဈေးသည်တစ်ဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။

.

ညဈေးနေရာ ပြောင်းရွှေ့ရပါက အခက်အခဲများစွာ ဖြစ်ပေါ်နိုင်ပြီး ညဈေးတန်း ဈေးသူဈေးသားများကို မှီခိုနေသည့် သက်ကြီးရွယ်အိုများ၊ ကျောင်းသားအရွယ် သားသမီးများ၊ စစ်ရှောင်များလည်း ရှိနေသည့် အတွက် အားလုံး ဒုက္ခရောက်နိုင်ကြောင်းနှင့် နေရာအသစ် ပြောင်းရွှေ့ဖွင့်လှစ်ရပါက ဖောက်သည်များ ပြန်လည်ရရှိရန် လုပ်ဆောင်ရဦးမည်ဖြစ်ကြောင်း ဈေးသည်များက ပြောဆိုကြသည်။

.

“အရင်တုန်းက ဒါကို သွပ်မိုးပေးပါ၊ အိမ်သာတွေ ဆောက်ပေးပါ ဆိုတော့ လမ်းမပေါ်ဖြစ်လို့ ဆောက်လို့ မရဘူးတဲ့။ အခုကျတော့ ၇ ထပ် ဆောက်လို့ရတယ်ပေါ့။ ကျွန်မတို့လည်း ဒါတွေကို မေးချင်တာပေါ့။ ဒါပေမဲ့ မေးခွင့်လည်းမရှိဘူး။ ပြောခွင့်လည်း မရှိဘူး။ အစည်းအဝေးမှာ ကျွန်မတို့ ထပြောမယ် ဆိုတော့ ပေးမထဘူး။ ပြန်ထိုင်ခိုင်းတယ်။ အစီအစဉ်အတိုင်းပဲလုပ်လို့ ပြောပါတယ်။ ဓါတ်ပုံ၊ ဗွီဒီယိုလည်း မရိုက်ပါနဲ့တဲ့။ အသံလမ်း မဖမ်းပါနဲ့တဲ့” ဟု အခြား ဈေးသည်တစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

လက်ရှိ နာရီစင်ညဈေးတန်းတွင် ဆိုင်ခန်း ၃ တန်း ရှိသော်လည်း ကုန်သည်လမ်းတွင် ပြန်လည်နေရာ ချထား ပေးပါက ဆိုင်ခန်း ၂ တန်းသာ ပြန်လည်ရရှိမည်ဖြစ်ပြီး လှည်းထားခွင့်မရှိသလို အမှိုက်သိမ်းဆည်းရေး နှင့် ရေသွန်ရန်ကိစ္စမှ အစ အခက်အခဲဖြစ်ပေါ်နိုင်ကြောင်း ဈေးသည်များက ပြောဆိုကြသည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက “သင်္ကြန်ဝန်းကျင်မှာ ရွှေ့ရမယ်။ အဲဒီနာရီစင်ညဈေး နေရာမှာ Project ကတော့ ရှိပါတယ်။ အသေးစိတ်ကတော့ ပြောလို့မရသေးဘူး။ ကော်မတီမှာ ဘယ်သူတွေ ပါတယ်ဆိုတာလည်း မသိဘူး”ဟု ပြောဆိုခဲ့သည်။

.

အဆိုပါ နာရီစင်ညဈေးကို ၁၉၉၄ ခုနှစ်၊ မြို့မဈေး ဆောက်လုပ်ပြီးစီးချိန်ကတည်းက စတင်တည်ထောင် ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် နှစ်ပေါင်း ၃၀ ကျော်လာပြီဖြစ်ကာ တောင်ကြီးမြို့၏ အထင်ကရ နေရာတစ်ခု အဖြစ် တည်ရှိနေခြင်းဖြစ်သည်။

.

ညဈေးတန်းအတွင်း ဈေးဆိုင်ခန်းစုစုပေါင်း ၉၆ ခန်းရှိပြီး နေ့စဉ်ပုံမှန်ဖွင့်လှစ်နေသည့် ဈေးဆိုင် ၈၈ ဆိုင် ရှိကာ အမှိုက်ခွန်နှင့် ဈေးကောက်အဖြစ် နေ့စဉ် ၁၅၀၀ ကျပ် ပေးဆောင်နေရကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages