အမျိုးသမီးတစ်ဦးအား တရုတ်မယားအဖြစ် ရောင်းစားကာ ငွေကြေးခေါင်းပုံဖြတ်ရယူသူများကို လူကုန်ကူးမှု ဖြင့် ထောင်ဒဏ်ချမှတ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, March 31, 2026

အမျိုးသမီးတစ်ဦးအား တရုတ်မယားအဖြစ် ရောင်းစားကာ ငွေကြေးခေါင်းပုံဖြတ်ရယူသူများကို လူကုန်ကူးမှု ဖြင့် ထောင်ဒဏ်ချမှတ်

.

၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် အမျိုးသမီးတစ်ဦးအား တရုတ်ဇနီးမယားအဖြစ် ရောင်းစားကာ ရရှိသော ငွေကြေးခေါင်းပုံဖြတ် ရယူသူများကို လူကုန်ကူးမှုဖြင့် အမှုဖွင့်ပြီး အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

.

.

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်နေ အမျိုးသမီးတစ်ဦးသည် ခင်ပွန်းနှင့် စကားများပြီး အလုပ် လုပ်ကိုင်ရန် ကျိုင်းတုံမြို့သို့ ရောက်ရှိလာစဉ် ကျိုင်းတုံမြို့၊ ယန်းခမ်းကားကြီးဝင်းနေ မအိမူမူအောင် (ခ) မသဲသဲ က တရုတ်မယားအဖြစ် လုပ်မည်ဆိုပါက တင်တောင်းငွေ ယွမ် ၁၅၀၀၀ ရမည်ဖြစ်ကြောင်း စည်းရုံး ပြောဆိုကာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် မိုင်းပေါက်မြို့ရှိ ပွဲစား ဒေါ်အိထံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

ထို့နောက် အမျိုးသမီးသည် ပွဲစားဒေါ်အိမှတစ်ဆင့် တရုတ်ပွဲစားများနှင့်အတူ တောလမ်းမှ တရုတ်နိုင်ငံ တွင်းရှိ အမည်မသိ ရွာတစ်ရွာသို့ ရောက်ရှိပြီး တရုတ်နိုင်ငံသား၊ ဝ အမျိုးသား အဲကား ဆိုသူနှင့် လက်ထပ် ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

.

အမျိုးသမီးမှာ တင်တောင်းငွေ ယွမ် ၁၅၀၀၀ မရသဖြင့်သားမယားအဖြစ် နေထိုင်ရန် ငြင်းဆန်ခဲ့ရာ ပွဲစားများ ထံမှ ဝယ်ယူးပြီးဖြစ်၍ ကလေးမွေးပြီးမှသာ ပြန်ခိုင်းမည်ဟု ပြောဆိုသဖြင့် သားမယားအဖြစ် နေထိုင်ခဲ့ရကာ အဲကား တောင်ယာသွားနေချိန်တွင် နေအိမ်မှ ထွက်ပြေးကာ တရုတ်နိုင်ငံ၊ လျန်စန်းရဲစခန်းတွင် တရားမဝင် ဝင်ရောက်မှုဖြင့် ထောင်ဒဏ် ၂ လနှင့် ၂ ရက် ကျခံပြီး မြန်မာနိုင်ငံနယ်စပ်သို့ ပြန်လည်လွှဲပြောင်း ရောက်ရှိ လာခြင်းဖြစ်ကြောင်း သိရသည်။

.

၎င်းအမျိုးသမီးသည် အဲကား နှင့် နေထိုင်စဉ်အတွင်း သားမယားအဖြစ်နေထိုင်ရန် ငြင်းဆန်သည့် နေ့များတွင် အခန်းတွင်းတံခါးပိတ်ပြီး ခြေဖြင့်ကန်ခြင်း၊ ကြိုးဖြင့်ရိုက်နှက်ခြင်းများ ခံခဲ့ရကြောင်းလည်း သိရသည်။

.

သို့ဖြစ်၍ အမှတ် (၁၈) လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု (ကျိုင်းတုံ) မှ တရားလိုပြုလုပ်၍ ကျိုင်းတုံ မြို့မရဲစခန်းတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အမှုရေးဖွင့်တရား စွဲတင်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ မတ် ၂၆ ရက်တွင် ကျိုင်းတုံခရိုင်တရားရုံးမှ မအိမူမူအောင်(ခ)မသဲသဲ ကိုလူကုန်ကူးမှု တားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကာ တိမ်းရှောင် တရားခံ ဒေါ်အိကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ကျင့် ၅၁၂ အရ ကျင့် ၈၇/၈၈ ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages