.
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့တွင်
မတ်လ ၂၆ ရက်၊ နံနက်ပိုင်းက မီးရထားဖြင့် တင်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်းကျော်ကို
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးနှင့် ပူးပေါင်းအဖွဲ့သည်
မတ်လ ၂၆ ရက်၊ နံနက် ၉ နာရီခန့်က တောင်ကြီး - သာစည်သွား အမှတ် (၁၄၂) အစုန်ရထား၏
နောက်ဆုံးတွဲ (ရထားထိန်းတွဲ) ပေါ်မှ လူမဲ့တန်ဆာ မသင်္ကာဖွယ်အိတ်များတွေ့ရှိ၍ အသွင်ယူ
လိုက်ပါလာစဉ် ဟဲဟိုးမြို့၊ ရွှေညောင်-ဟဲဟိုး ရထားလမ်း မိုင်တိုင်အမှတ် ၃၆၈/၁၅ နှင့် ၁၆ ကြား အရောက်တွင်
ကြီးကြပ်ရေးမှူး (ရထားထိန်း) နေလင်းအောင် (ခ) ကျော်သောင်းမှ အဆိုပါ လူမဲ့တန်ဆာအိတ်များအား
ရထားပေါ်မှ လွှင့်ပစ်နေသည်ကိုတွေ့ရှိသဖြင့် ထိန်းသိမ်းပြီး ၎င်းနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ
အိတ် ၄ လုံး၊ သံသေတ္တာ ၁ လုံး၊ စိတ်ကြွရူးသွပ်
ဆေးပြား ၁၂ သိန်း ၁ သောင်း အားရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး နေလင်းအောင် (ခ) ကျော်သောင်း၏
ထွက်ဆိုချက်အရ ပစ္စည်းများလာရောက်ပို့ဆောင်သည့် မော်တော်ယာဉ်နှင့် ယာဉ်မောင်း မိုးညွန့်လွင်အား
ယင်းနေ့ ညနေ ၄ နာရီခွဲခန့်တွင် ရွှေညောင်မြို့၊
ညောင်ရွှေ လမ်းခွဲ၊ ရွှေအင်းလေးကားဂိတ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
ထို့နောက် ဖမ်းဆီးရမိသူ မိုးညွန့်လွင်၏ ထွက်ဆိုချက်အရ
မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ ဇေယျသူ
အား ယင်းနေ့ ညနေ ၆ နာရီခွဲခန့်တွင် ကလောမြို့အဝင် တိုးဂိတ်အနီး၌ ခရီသည်တင်ယာဉ် တစ်စီးပေါ်မှ
လည်းကောင်း၊ ကွင်းဆက်တရားခံ ခွန်ကျော်ထွန်းအား ည ၇ နာရီအချိန်တွင် ဟိုပုံးမြို့၊
မြို့ဦးရပ်ကွက်၌ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ နေလင်းအောင်
(ခ) ကျော်သောင်း၊မိုးညွန့်လွင် (ခ) မိုးကြီး( ခ) မိုးလွင်၊ ဇေယျသူ (ခ) ဟန်ဖ နှင့် ခွန်ကျော်ထွန်းတို့
၄ ဦးအား အမှုဖွင့်လှစ်နိုင်ရေး ဆောင်ရွက် လျက်ရှိပြီး ကွင်းဆင်းတရားခံများအား ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း
သိရသည်။
.



No comments:
Post a Comment