စက်သုံးဆီ ဝယ်ယူရန် ခက်ခဲသည့်အတွက် ဆိုင်ကယ်ကယ်ရီများ အဆွဲပါး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Friday, March 27, 2026

စက်သုံးဆီ ဝယ်ယူရန် ခက်ခဲသည့်အတွက် ဆိုင်ကယ်ကယ်ရီများ အဆွဲပါး

၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်


တောင်ကြီးမြို့ပေါ်ရှိ ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူများ အနေဖြင့် စက်သုံးဆီ ရရှိရန် ခက်ခဲမှုကြောင့် ယခုရက်ပိုင်းအတွင်း ပြေးဆွဲရမှု နည်းပါးနေကြောင်း သိရသည်။

.

စက်သုံးဆီ ဝယ်ယူရာတွင် ဆိုင်ကယ် တစ်စီးလျှင် ၃၀၀၀ ကျပ်မှ ၅၀၀၀ အထိသာ ရောင်းချပေးသည့်အတွက် မြို့တွင်းခရီးတိုများသာ ပို့ဆောင်ပေးနိုင်ပြီး အေးသာယာ၊ ဟိုပုံးကဲ့သို့သော အနီးအနားမြို့များကို လိုက်ပါ ပို့ဆောင်ပေးနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

.

“ဝယ်လို့ရတဲ့ ဆီနဲ့ ချင့်ချိန်ပြီး လိုက်နေရတာပေါ့။ အဝေးတွေဆို မလိုက်ရဲတော့ဘူး။ လမ်းမှာ ဆီပြတ်လို့ ဝယ် မရတော့ရင် ဒုက္ခရောက်မှာလေ။ မြို့တွင်းလောက်ပဲ သွားနိုင်တော့တယ်” ဟု တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံ ဆိုင်ကယ်ကယ်ရီဂိတ်မှ ကယ်ရီသမားတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

စက်သုံးဆီ ဝယ်ယူရာတွင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူရပြီး အချို့နေရာများတွင် ၃၀၀၀ ကျပ် ဖိုးသာ ထည့်ပေးသည့်အတွက် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများ အနေဖြင့် စက်သုံးဆီလိုအပ်ချက် ဖြစ်ပေါ်နေကြောင်း သိရသည်။

.

“ဆီက ၃၀၀၀ ဖိုးဆိုတော့ တစ်လီတာတောင် မရတော့ဘူး။ ကယ်ရီ ဆွဲဖို့ကြတော့ မလောက်တော့ဘူးပေါ့။ ဝေးတဲ့နေရာလည်း မလိုက်ရဲတော့ စားဝတ်နေရေးပါ ခက်ခဲလာတာပေါ့” ဟု အခြား ကယ်ရီသမားတစ်ဦး ကလည်း ပြောဆိုခဲ့သည်။

.

စက်သုံး‌ဆီ အခက်အခဲကြောင့် ဆိုင်ကယ် ကယ်ရီသမားများအပြင်‌ အခြေခံလုပ်သားများ၏ လုပ်ငန်းခွင် အခက်အခဲများပါ ပိုမိုဖြစ်ပေါ်လာနေပြီး မိသားစုဝင်များ၏ စားဝတ်နေရေးများလည်း ကြပ်တည်း လာနိုင်ကြောင်း သိရသည်။

.

“ကျွန်တော်တို့က အိမ်ငှားနေရတာဆိုတော့ အိမ်လခအတွက် ပူရတာပေါ့။ စီးတဲ့လူက ဈေးပိုပေးရင်တောင် လိုက်ပို့စရာ ဆီ မရှိလို့ ခက်နေတာပါ” ဟု ကယ်ရီသမားတစ်ဦးက ဆိုသည်။

.

တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ယခုရက်ပိုင်းအတွင်း စက်သုံးဆီ ဝယ်ယူရာတွင် တန်းစီသူ တစ်နေ့ထက် တစ်နေ့ များပြားလာနေပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းဝယ်ယူနေရလျက် ရှိသည်။

.

#KBZTai #Shan #Taunggyi

No comments:

Post a Comment

Pages