.
၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်အတွင်းရှိ
လင်းခေးနှင့် မိုင်းပန်မြို့နယ်တို့တွင် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်နေပြီး
တောင်ကြီးမြို့၏ စက်သုံးဆီ ရည်ညွှန်းဈေးထက် များစွာ မြင့်မားနေကြောင်း သိရသည်။
.
![]() |
| ဓါတ်ပုံ - မိုင်းပန်မြို့တွင်း မြင်ကွင်း |
“လင်းခေးဆီဈေးက နဂိုကတည်းက များပြီးသားပါ။ အခုလိုအချိန်မှာ
ပိုဆိုတာပေါ့။ 92 တစ်လီတာကို ၄၅၀၀/၅၀၀၀ လောက် ပေးရပါတယ်။ မိုင်းပန်ဘက်ကတော့
ဒီထက်ပိုများပါတယ်” ဟု လင်းခေး ဒေသခံ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယခုရက်သတ္တပတ်အတွက် တောင်ကြီးမြို့၏ ရည်ညွှန်းစက်သုံးဆီဈေးနှုန်းတွင်
92 ဓါတ်ဆီ တစ်လီတာလျှင် ၂၉၅၅ ကျပ် ဖြစ်သော်လည်း လင်းခေးမြို့တွင်
၄၅၀၀ မှ ၅၀၀၀ ကျပ်အထိ ပေးဝယ်နေရပြီး 95 နှင့် ဒီဇယ် ဈေးနှုန်းများမှာလည်း
မြင့်မားနေကြောင်း သိရသည်။
.
“တောင်ကြီးနဲ့ လင်းခေးက မိုင် ၁၀၀ ကျော်လောက်ပဲ ဝေးတာကို
ဈေးနှုန်း အဲဒီလောက်ကြီး ကွာတာ ကတော့ မဖြစ်သင့်ပါဘူး။ လိုသလောက်လဲ ဝယ်လို့မရဘူး။ ဒီကလူတွေဆို
တောင်ကြီးတက်ရင် ဘယ်တော့မှ လင်းခေးမှာ ဆီမဖြည့်ဘူး။ လိုသလောက် နည်းနည်းပဲဖြည့်ပြီး
တောင်ကြီးရောက်မှ ဖြည့်ကြတာ များတယ်” ဟု တောင်ကြီး-လင်းခေး ပုံမှန် သွားလာနေသည့် ယာဉ်မောင်းတစ်ဦးကလည်း
ပြောဆိုခဲ့သည်။
.
ထို့အတူ မိုင်းပန်မြို့နေ ဒေသခံတစ်ဦးကလည်း “မိုင်းပန်မှာ
တစ်လီတာကို ၇၀၀၀ ရှိတယ်။ ဆိုင်အလိုက် ဈေးတော့ နည်းနည်း ကွာတာ ရှိတာပေါ့။ ဈေးက ထပ်တက်ဖို့
ရှိဦးမယ့်ပုံစံပဲ” ဟု ပြောဆိုခဲ့သည်။
.
လင်းခေးမြို့ပေါ်တွင် စက်သုံးဆီဆိုင်ကြီး ၄ ဆိုင်ခန့်ရှိပြီး
ဆိုင်ငယ်များလည်း ရှိနေကြောင်း သိရသည်။
.



No comments:
Post a Comment