က‌မ္ဘောဇဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်တို့က ရေသန့်စက်နှင့် စားနပ်ရိက္ခာ များ‌ လှူဒါန်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Wednesday, March 25, 2026

က‌မ္ဘောဇဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်တို့က ရေသန့်စက်နှင့် စားနပ်ရိက္ခာ များ‌ လှူဒါန်း

.

၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်

.

က‌မ္ဘောဇဖောင်ဒေးရှင်းနှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်တို့က တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံ ကွင်းတွင် အများပြည်သူ အသုံးပြုနိုင်ရန်အတွက် ရေသန့်စက်နှင့် သောက်သုံးရေ၊ စားနပ်ရိက္ခာများ လှူဒါန်း ခဲ့သည်ဟု သိရသည်။

.

.

ရေသန့်စက်နှင့် သောက်သုံးရေ၊ စားနပ်ရိက္ခာလှူဒါန်းပွဲကို မတ်လ ၂၃ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း ကျင်းပပြုလုပ်ရာ ကမ္ဘောဇဖောင်ဒေးရှင်း၊ ရှမ်းတောင် ပရဟိတညီနောင်များ ကွန်ရက်တို့၏ နာယကကြီး ဦးအောင်ကိုဝင်းနှင့် ကမ္ဘောဇဘဏ်၊ ကမ္ဘောဇအုပ်စုအဖွဲ့များ ရှမ်းတောင် ပရဟိတညီနောင်များကွန်ရက် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

.

လှူဒါန်းပွဲ အခမ်းအနားတွင် ကမ္ဘောဇအုပ်စု ဒုတိယဥက္ကဋ္ဌ၊ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်၏ အတိုင်ပင်ခံ ဦးညိုမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ကမ္ဘောဇဘဏ်၊ ကမ္ဘောဇအုပ်စုနှင့် ကမ္ဘောဇ ဖောင်ဒေးရှင်း တည်ထောင်သူ နာယက ဦးအောင်ကိုဝင်းက တောင်ကြီးဘူတာရှိ မီးရထားဝန်ထမ်း အိမ်ထောင်စု ၁၇ စုတို့အတွက် ဆန်၊ ဆီနှင့် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်၊။

.

ထို့နောက် အငြိမ်းစား ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ကမ္ဘော ဇဖောင်ဒေးရှင်းမှလှူဒါန်းသည့် အလှူငွေကျပ် သိန်း ၁၂၀ နှင့် စားနပ်ရိက္ခာတို့ကို ပဒုမ္မာစာရီ သီလရှင်စာသင်တိုက်မှ သီလရှင်အပါး ၁၂၀ တို့အတွက် ‌ဆပ်ကပ်လှူဒါန်းပြီး တောင်ကြီးဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ကမ္ဘောဇအုပ်စု ဒုဥက္ကဋ္ဌ ဦးညိုမြင့်တို့ က ဓမ္မဝိဟာရဘုန်ကြီးကျောင်း၊ ကံကြီးဘုန်းတော်ကြီးကျောင်း၊ ချိန်ခါမီ မိဘမဲ့ ဘုန်းကြီးကျောင်း၊ YGW မိဘမဲ့ကျောင်း၊ ဇေတဝန်ကျောင်း၊ ဓမ္မဝိဒူကျောင်းတိုက်များသို့ ဆန်၊ ဆီများ လှူဒါန်းခဲ့ကြောင်း သိရသည်။

.

ထို့အပြင် တောင်ကြီးမြို့နယ်၊ ညိုမီးကျေးရွာရောက် နေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ဆပ်ပြာ၊ ငါးသေတ္တာ တို့ကို ကူညီထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။

.

ထို့နောက် နာယကကြီးနှင့် အဖွဲ့ဝင်များသည် တစ်နာရီ လီတာ ၁၀၀၀ ကျ ရေသန့်စက်အား အမွှေးနံ့သာများ ဖြန်းပက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

.

“မီးပုံးပျံကွင်းမှာ ကမ္ဘောဇ ပွဲကြည့်စင်ရှိတယ်။ ဒါကို နာယကကြီးက တန်ဆောင်တိုင်ပွဲပြီးရင် ဒီအဆောက် အဦကြီးက အလကားဖြစ်နေမယ်။ ဒီတော့ အများပြည်သူလည်း အကျိုးရှိအောင်ပေါ့ ပြီးတော့ တောင်ကြီးမြို့၊ ဒီဘက်အခြမ်းကလည်း ရေရှားတဲ့အတွက် ရေလှူဖို့လုပ်ပါ ဆိုပြီး ကမ္ဘောဇဖောင်ဒေးရှင်းက စက်ကြီးနဲ့ အဝီစိတွင်း တူးပေးတယ်။ ကျွန်တော်တို့ ရှမ်းတောင်ပရဟိတက ရေသန့်စက် တပ်ဆင်လှူဒါန်းတာပါ” ဟု ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်မှ ဦးသူရစောသိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ သောက်သုံးရေကို အများပြည်သူအတွက် အခမဲ့ လှူဒါန်းသွားမည်ဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းများ၊ မိဘမဲ့ဂေဟာများ၊ ပရဟိတအသင်းအဖွဲ့များ၊ ဆေးရုံဆေးခန်း၊ မူကြိုကျောင်း စသည်တို့ကို ဦးစားပေး စနစ်ဖြင့် သောက်သုံးရေ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

သောက်ရေန့်စက်၏ တန်ဖိုးမှာ ငွေကျပ် ၂၉၅ သိန်းဖြစ်ပြီး ရေတွင်းမှာ ကမ္ဘောဇဖောင်ဒေးရှင်းမှ စက်ကြီးဖြင့် တူးဖော်ခြင်းဖြစ်သည့်အတွက် တန်ဖိုးသင့် တွက်ချက်ရန် ခက်ခဲကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

အဝေရာကွင်းအတွင်း အဆိုပါ စားနပ်ရိက္ခာထောက်ပံ့လှူဒါန်းမှုနှင့် အလှူငွေလှူဒါန်းမှုတန်ဖိုးမှာ ရေသန့်စက်တန်ဖိုးမပါ ငွေကျပ် ၁၇၈၉၂၀၀၀ ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ရေသန့်စက်မှာ ၂၀၂၄ ခုနှစ် ရေကြီးရေလျှံဖြစ်ပွားချိန်မှစတင်၍ ယနေ့အထိ ကမ္ဘောဇဖောင်ဒေးရှင်း နှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်တို့ ပူးပေါင်းလှူဒါန်းသည့် ၂၄ လုံးမြောက် ရေသန့်စက် ဖြစ်ကြောင်း သိရသည်။

.

Photo - ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်

.

No comments:

Post a Comment

Pages