စက်သုံးဆီအခက်အခဲကြောင့် နေ့စားလုပ်သားများ အခက်တွေ့ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Saturday, March 21, 2026

စက်သုံးဆီအခက်အခဲကြောင့် နေ့စားလုပ်သားများ အခက်တွေ့

.

၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်

.

လတ်တလောကြုံတွေ့နေရသည့် စက်သုံးဆီ၀ယ်ယူရန် အခက်အခဲနှင့် မော်တော်ကားဆိုင်ကယ် စုံ/မ သတ်မှတ်ချက်များကြောင့် နေ့စားလုပ်ကိုင်နေသည့် အခြေခံလူတန်းစားများ၏ စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း သိရသည်။

.

.

စက်သုံးဆီ ဝယ်ယူရာတွင် လိုင်စင်ရှိသည့် ယာဉ်များအနေဖြင့် ယာဉ်သက်သေခံကတ်ပြား ပြ၍ ၀ယ်ယူ နိုင်သော်လည်း အခြေခံလူတန်းစားများ အသုံးပြုနေသည့် ဆိုင်ကယ်အများစုမှာ ယာဉ်လိုင်စင်မရှိသည့် အတွက် စက်သုံးဆီ ဝယ်ယူခွင့်မရဘဲ လုပ်ငန်းခွင်များသို့ သွားရောက်နိုင်ရန် အခက်အခဲများ ဖြစ်ပေါ် နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

“ကျွန်တော်တို့က လိုင်စင်နဲ့ဆိုင်ကယ် ဝယ်မစီးနိုင်ဘူးလေ။ တစ်နေ့အလုပ်ဆင်းမှ တစ်နေ့စားရတဲ့ အောက်ခြေအလုပ်သမားတွေပါ။ စုံ/မနဲ့ ဆိုင်ကယ်အဖမ်းခံရမှာကြောက်ရ၊ ဆီပန့်တွေမှာလည်း ဆီ၀ယ်ရတာ အဆင်မပြေနဲ့ ကြာရင် ဘယ်လိုလုပ် ရပ်တည်နိုင်ပါ့မလဲ” ဟု တောင်ကြီးမြို့ပေါ်နေထိုင်သည့် ပန်းရံ နေ့စား လုပ်သားတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

နေ့စားလုပ်သားများအနေဖြင့် စက်သုံးဆီ ရောင်းချပေးနေသည့် အရောင်းဆိုင်ကြီးများတွင် ဓာတ်ဆီ ၀ယ်ယူရန် အခက်အခဲရှိသည့်အတွက် ပြင်ပဈေးကွက်များတွင် ဈေးနှုန်းကြီးမြင့်စွာ ပေး၀ယ်နေကြရပြီး 92 ဓာတ်ဆီ တစ်လီတာလျှင် ပြင်ပပေါက် ဈေး ၇၀၀၀ ၀န်းကျင်အထိ ပေးကာ ၀ယ်ယူနေရကြောင်း သိရသည်။

.

“အလုပ်မဆင်းရင် စား၀တ်နေရေးက အဆင်မပြေတော့ဘူးလေ။ ဓာတ်ဆီကို ရတဲ့နေရာက ဈေးကြီးပေး ဝယ်ပြီး စုံ/မ လွတ်အောင် လမ်းကြိုလမ်းကြားတွေကနေ ပတ်မောင်းနေရတာပေါ့။ အဲဒါမှ လိုက်ဖမ်းရင် ငတ်ဖို့ပဲ ရှိတော့တာပေါ့ဗျာ” ဟု အခြား နေ့စားလုပ်သားတစ်ဦးကလည်း ‌ပြောဆိုခဲ့သည်။

.

ယခုကြုံတွေ့နေရသည့် စက်သုံးဆီအခက်အခဲသည် အချိန်ကာလအားဖြင့် မည်မျှကြာမြင့်မည်ကို မသိရှိနိုင်သည့်အတွက် နေ့စားလုပ်သားများအနေဖြင့် စက်သုံးဆီ ကန့်သတ်ချက်၊ စုံ/မ ကန့်သတ်ချက် များကြောင့် မိသားစု စားဝတ်နေရေးများ ပိုမိုခက်ခဲလာနိုင်ကြောင်း ပြောဆိုကြသည်။

.

တောင်ကြီးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချနေသည့် စက်သုံးဆီ ရည်ညွှန်း‌ဈေးနှုန်းမှာ တစ်လီတာလျှင် ၃၇၃၅ ကျပ် ဖြစ်သော်လည်း ပြင်ပတွင် တစ်လီတာ ၆၀၀၀ မှ ၇၀၀၀ ကျပ်အထိ ရောင်းချ နေခြင်းဖြစ်ကြောင်း သိရသည်။

.

ဓါတ်ပုံ - စက်သုံးဆီအရောင်းဆိုင်ရှေ့တွင် ဆီဝယ်ရန် တန်းစီစောင့်ဆိုင်းနေသည့် ဆိုင်ကယ်များ

.

No comments:

Post a Comment

Journal Download

Photo of three cats

Pages