.
၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်
.
ကျောင်းကြီစုရပ်ကွက်၊ ဝါးပြားလမ်းဆုံအနီးရှိ ဂနိုင်ကန်များ အပါအဝင် တောင်ကြီးမြို့ပေါ်ရှိ သောက်သုံးရေကန်များတွင် စုဆောင်းရေများကျဆင်း ခန်းခြောက်လာနေပြီဖြစ်ကြောင်း သိရသည်။
.
.
တောင်ကြီးမြို့ပေါ်တွင် ရေစုကန်များအဖြစ်
ရုရှားကန်၊ မြကန်သာရေကန်နှင့် ဂနိုင်ရေကန် အမှတ် (၁)၊ (၂)၊ (၃) တို့ရှိနေပြီး
အဆိုပါရေစုကန်များတွင် ဖေဖော်ဝါရီလကုန်မှ စတင်ကာ စုဆောင်းရေများ ကျဆင်း ခန်းခြောက်လာနေခြင်း
ဖြစ်ကြောင်း သိရသည်။
.
“အခုရက်ပိုင်း နေ့လယ်ခင်းတွေဆို အပူချိန်က
တက်လာတော့ ကန်ရေတွေ ကျလာတဲ့သဘောပေါ့။ အမှတ် (၂) ကန်ထဲမှာဆိုရင် ရေက
လုံးဝမရှိတော့ပါဘူး။ ရေအခက်အခဲအတွက် ကြိုတင်ပြင်ဆင်ရတော့မှာပေါ့” ဟု
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့သည် သောက်သုံးရေအတွက်
မြေအောက်ရေကို အဓိကအားထား သုံးစွဲနေရသည့် မြို့ဖြစ်ပြီး မြို့ပေါ်ရှိ
ရေစုကန်များတွင် ရေကျဆင်းခန်းခြောက်ပါက နှစ်စဉ်နှစ်တိုင်း သောက်သုံးရေ အခက်အခဲ
ကြုံတွေ့ ရတတ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
“မြို့ပေါ်မှာက အဝီစိတွင်းရေကိုပဲ အဓိကထားပြီး
သုံးနေကြရတာပါ။ ရေစုကန်တွေမှာ ရေခန်းတာနဲ့ တွင်းရေ တွေလည်း
အကုန်ကျကုန်တာမျိုးပေါ့။ ရေရှည်အတွက် သဘာဝပတ်၀န်းကျင်ကိုလည်း မြို့ပေါ်မှာ
နေထိုင်တဲ့ လူတိုင်း ဝိုင်းပြီးထိန်းသိမ်းဖို့ လိုအပ်ပါတယ်” ဟု
သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသူ တစ်ဦးက ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့ပေါ်တွင် ဒေသခံများအပြင်
ရွေ့ပြောင်းအခြေချ နေထိုင်သူ များပြားလာသည့်အတွက် သောက်သုံးရေနှင့် ပတ်သက်ပြီး
ရေရှည်စီမံကိန်းများဖြင့် စနစ်တကျ လုပ်ဆောင်ရန် လိုအပ်နေကြောင်း သိရသည်။
.



No comments:
Post a Comment