.
၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်
.
စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာပြီး ဝယ်ယူရန်
ခက်ခဲလာနေသည့်အတွက် တောင်ကြီးမြို့နယ်အတွင်း သောက်ရေသန့်ဈေးနှုန်းများကို တိုးမြှင့်ရောင်းချသွားရန်
ရှိနေကြောင်း သိရသည်။
.
“ဈေးတက်တယ်ရှင့် ဘူးအသေးတွေပဲတက်တာ။ ၂၀ လီတာဘူးကြီးက
ဈေးတက်ဖို့ရှိတယ်။ ဒီလကုန် လောက်ဖြစ်မယ်။ သေချာတော့မသိသေးဘူး” ဟု ရေသန့်စက်ရုံတစ်ခုမှ
တာဝန်ရှိက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လက်ရှိတွင် သောက်ရေသန့်ဘူးသေး တစ်လီတာ တစ်ကတ်လျှင်
၄၀၀၀ ကျပ်၊ ၀.၆ လီတာ တစ်ကတ်လျှင် ၅၀၀၀ ကျပ်၊ ၀.၃ လီတာ တစ်ကတ်လျှင် ၄၅၀၀ ကျပ်နှင့်
၂၀ လီတာ ဘူးကြီးတစ်ဘူးလျှင် ၁၅၀၀ ကျပ်နှုန်း ဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
“ရေသန့်က ဈေးတက်တယ်တော့ကြားတယ်။ ကျွန်မတို့ဘက်တော့
အခုထိ ၁၅၀၀ ပဲ။ ဈေးတွေကတော့ တက်မှာပဲလေ။ သူတို့ကိုလည်းအပြစ်သွားပြောလို့မရဘူး။
ဓာတ်ဆီဈေးတွေလည်းတက်နေတာ။ အခုက ပိုက်ဆံရှိတောင် ဆီကထည့်ချင်တိုင်းထည့်လို့မရဘူး” ဟု
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်နေ အိမ်ရှင်မတစ်ဦးက ပြောသည်။
.
တောင်ကြီးတွင် ရေသန့်ဘူးကြီးများ ဈေးမတက်သေးသော်လည်း
ဟိုပုံးမြို့တွင်မူ ၂၀ လီတာ ရေသန့်ဘူးကြီး တစ်ဘူးလျှင် ၂၀၀၀ ကျပ်ဖြင့် ဈေးတင်ရောင်းချနေပြီဖြစ်ကြောင်း
သိရသည်။
.
“ဟိုပုံး ဒေဝီရေသန့်ကတော့ အရင် တစ်ဘူး ၁၅၀၀ ကနေ
အခု ၂၀၀၀ ဖြစ်သွားပြီ။ ၅၀၀ တက်သွားတာပေါ့” ဟု ဟိုပုံးဒေသခံတစ်ဦးက ပြောသည်။
.
COVID-19 ကပ်ရောဂါ ဖြစ်ပွားချိန်က တောင်ကြီးမြို့ပေါ်တွင်
၂၀ လီတာ သောက်ရေသန့် ဘူးကြီး တစ်ဘူးလျှင် ၅၀၀ ကျပ်မှ ၈၀၀ ကျပ်အထိ ဈေးတက်ခဲ့ပြီး ယမန်နှစ်
၂၀၂၅ ခုနှစ်တွင် ၁၅၀၀ ကျပ်အထိ ဈေးထပ်မံတက်ခဲ့ကာ ယခုအခါ စက်သုံးဆီဈေး မြင့်တက်မှုကြောင့်
၂၀ လီတာ ဘူးကြီးများ ဈေးထပ်မံ မြင့်တက်ဖွယ် ရှိနေကြောင်း သိရသည်။
.



No comments:
Post a Comment