ဓာတ်ဆီအရေးနဲ့ ကုသိုလ်ရေး ဝေးကြတော့မလား - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Boxed(True/False)

Comments system

Photo of three cats

Saturday, March 28, 2026

ဓာတ်ဆီအရေးနဲ့ ကုသိုလ်ရေး ဝေးကြတော့မလား

မကြာမီ ရက်ပိုင်းအတွင်း မြန်မာ့ရိုးရာသင်္ကြန်ကာလ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ သင်္ကြန်ကာလ ရောက်လာခဲ့ရင် ကလေးသူငယ်နဲ့ လူငယ်လူရွယ်လေး တချို့က ရေပက်ကစားချင်ရင် ကစားကြပါလိမ့်မယ်။ ခပ်ညံညံသီချင်းလေးတွေ ဖွင့်ပြီး လူရွယ်လေးတွေ ကချင် က ၊ ခုန်ချင် ခုန်ကြလိမ့်မယ် ထင်ပါတယ်။ သင်္ကြန်မိုး ဇာတ်ကားထဲက စကားလုံး တစ်ခု အငှား သုံးရရင် ကလေးနဲ့ လူငယ်လူရွယ်တွေကို ပျော်ခွင့်ပေးလိုက်ချင်မိပါတယ်။ ကလေးသဘာ၀ကိုက ဆော့လိုက်ချင်တယ်၊ ကစားချင်ကြတယ်။ လူငယ်သဘာ၀ကလည်း ပျော်ချင်ပါးချင်စိတ် ရှိကြပေမပေါ့။ . စီးပွားရေးတွေ မွန်းကြပ်၊ နေထိုင်ရေးတွေ မွန်းကြပ်၊ စား၀တ်နေရေးတွေ မွန်းကြပ်။ အကြပ်တကာ့ ထွဋ်ခေါင် ဖွတ်မင်းနောင်များ။ ချောင်ရင်းနဲ့ လည်လာတာက ယိုင်နဲ့နဲ့ ကျားကန်ထားရတဲ့ ဘ၀များ။ အခုလို မြန်မာ့ရိုးရာနှစ်သစ်ကူး အခါသမယ ရောက်ချိန်တိုင်း အမွန်းတွေ၊ အကြပ်တွေကို ခဏတာ ဘေးချပြီး ကလေး လူငယ် ပျော်ပါစေရယ်လို့ မပျော်တဲ့ စိတ်နဲ့ ပျော်စေချင်မိပြန်တယ်။ အဖြူထည် လူငယ်လေးတွေမှာ အပြစ် ရှာစရာ တစ်ကွက်ရယ်မှ မရှိတာလေ။ . အဖြူထည်လေးတွေကို စိတ်ကူးနဲ့သာ ပျော်ခွင့်ပေး နေရတာပါ။ သူတို့လေးတွေကရော ပျော်နိုင်ပါ့မလား တွေးမိနေပြန်တယ်။ လူငယ်ဘာ၀ ဟိုနားဒီနားလောက်တော့ သွားချင် လည်ချင်ကြမှာပေါ့။ လူငယ်ဘာ၀ သမီးရည်းစား စုံတွဲလေးနဲ့ ဟိုနေရာ က၊ ဒီနေရာ ဘုရားလည်း ဖူး၊ လိပ်ဥလည်း တူးချင် တူးကြပေမပေါ့။ ခေတ် အနေအထားက သွားသွားလာလာ ခြေဗလာနဲ့ကလည်း မဟုတ်ပြန်။ ဟိုသည် လွန်းထိုးဖို့ ခြေမြန်တော်လို့ ဆိုတဲ့ မော်တော်ဆိုင်ကယ်လေး သုံးမှ ခရီးရောက်တဲ့ သဘော။ . ခေတ်သစ် ခြေမြန်တော်လို့ဆိုတဲ့ မော်တော်ဆိုင်ကယ် သတ္တဝါက မြက်နုမြက်ကောင်း ကျွေးပြီး ခရီးနှင်လို့ မရတာ ဒုက္ခတစ်ပါး။ အပူလုံး ကြွနေတဲ့ မြေကမ္ဗလာပေါ် ခြေဗလာနဲ့ နင်းပြန်ရင်လည်း ကံစိတ် ဥတု အကုန်ဖောက်ပြီး ဟိုမှာဘက်ကမ်းကို နိုင်ငံကူး လက်မှတ် မလိုဘဲ မြန်းသွားနိုင်တယ်။ ကလေးငယ်တွေ၊ လူငယ်တွေ လူဖြစ် နောက်ကျခဲ့လေသလား။ လူဖြစ်များ စောခဲ့ကြလေသလား။ . လတ်တလော ကြုံတွေ့နေရတဲ့ စက်သုံးဆီ အကြပ်အတည်းက ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေအတွက် လက်ရေ တစ်ပြင်တည်း။ အသက်ရှည်ရှည် ခင်ခင်နဲ့ ရှေးကထက် ပို ချစ်ကြတယ်တဲ့။ ဟုတ်ပေသားရယ်။ မော်တော်ဆိုင်ကယ်လေး တစ်စီး တွန်းလာရင် သွားနေတဲ့ ခြေမြန်တော်တွေက ဆီတိုင်ကီလေး ဖွင့်ပြီး တတ်အားသမျှ ဝေမျှကြရတယ်။ တချို့တွေက ရှေ့ကနေ ကြိုးနဲ့ ဆွဲပြီး အိပ်တန်းရှိရာကို ပို့ပေးကြပြန်တယ်။ ချစ်စရာ့ခင်စရာ မြန်မာ့ဓလေ့ မြန်မာ့စိတ်ရင်းတွေ။ . စက်သုံးဆီ အကြပ်အတည်းက ဘယ်လောက်ထိ ခရီးပေါက်နေတယ်ဆိုတာတော့ အားလုံး မျက်မြင် ကိုယ်တွေ့။ မနက် ၆ နာရီ စက်သုံးဆီ တန်းစီလိုက်တာ အိမ်ပြန်ရောက်တော့ နေမွန်းတည့်။ မွန်းလွဲ ၁ နာရီ သွားတန်းလိုက်တာ တိုင်ကီထဲ ဆီရောက်တော့ ညနေစောင်း ၅ နာရီ။ တချို့တွေများ ချွေးတလုံးလုံးနဲ့ ဆီတိုးချိန်မှ ဖူးစာရေးနတ် လက်ကမြင်းလို့ အိမ်ထောင်ရက်သားတောင် ကျကုန်ကြတယ်ဆိုပဲ။ အစာမကြေရင်တော့ ဒီအချိန်ကြီးမှ လက်သရမ်းတဲ့ ကောင်ကို နားရင်းသာ နာနာလိုက်ရိုက်ကြပေါ့။ . ပြက္ခဒိန် နေ့စွဲတွေအရ မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန် ရောက်တော့မယ် ဆိုပေမယ့် ယိမ်းနွဲ့ကာ တီးကွက်တွေတော့ အသံတိတ်နေကြတုန်း။ နွေဦးကဗျာနဲ့ ရှာပုံတော်မင်းသားကြီးလည်း လိပ်စာပျောက်နေကြတုန်း ထင်မိတယ်။ ညိုမြတို့ တစ်စုတော့ ယိမ်းတိုက်နေကြတယ်ဆိုလား။ သင်္ကြန် မိုးပြေးကတော့ ဖြိုးဖြိုးဖျောက်ဖျောက် ဒိုးဒိုးဒေါက်ဒေါက်နဲ့ ဖြတ်လျှောက်အဆင့်။ . ပြင်းရှတဲ့နေရောင်အောက်မှာ ပျင်းလို့မရတဲ့ သက်ရှိလူသားတွေ စုစုဝေးဝေး တလှုပ်လှုပ်နဲ့။ ခရီးလေး တစ်လှမ်း ရွေ့လိုက်။ ၁၂ လက်မ တစ်ပေလောက် ခရီးပေါက်လိုက်။ ငါ့မြင်းငါစိုင်းလို့လည်း မရ။ ငါ့လှေငါ ပဲခူးရောက်အောင်လည်း ထိုးခွင့်က မရှိ။ စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်မှ စက်သုံးဆီ တိုင်ကီထဲ ရောက်မယ့်အရေး။ ရတက်တွေ မအေးလိုက်ပုံများ။ .
ဒီမိုးဒီလေ အခက်ပွေနေရတဲ့ စက်သုံးဆီ အရေးကြောင့် ဘုရားကျောင်းကန်တွေမှ သွားနိုင်ကြပါ့မလား စိတ်ပူမိတယ်။ တောင်ကြီးမြို့နယ်အတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသား သွေးချင်းတွေက သင်္ကြန်ကာလ ရောက်တိုင်း ဘုရားသွားကျောင်းတက် ပြုလုပ်ကြတယ်။ အကြိုနေ့က စပြီး နှစ်သစ်ကူး နှစ်ဆန်း တစ်ရက်နေ့အထိ။ အနီးအပါးက ကပ်ကျော် ကျောင်းကန်စေတီတွေတော့ ကိုယ့်အားကိုယ်ကိုး လမ်းလျှောက်လို့ ရနိုင်ပေမယ့် ခရီးတစ်ထောက်က ကျောင်းကန်တွေကြတော့ ကား၊ ဆိုင်ကယ်မှ မသုံးရင် ကုသိုလ်ရေးနဲ့ ဝေးကြရမယ့်အခြေအနေ။
. သွေးချင်းတို့မြေ တို့ဌာနေမှာ စက်သုံးဆီအရေးက တစ်မိုးချုပ်ပြီးတိုင်း တစ်ရစ် ထပ်တိုးလာတယ်။ ဆီ ဈေးနှုန်းကလည်း တစ်ရက်ပြီးတစ်ရက် မြင်ရက်စရာတောင် မရှိ။ အဆိုတော် အားတီ ဆိုထားတဲ့ သီချင်းတစ်ခုက စာသားလို ဘုရားသွားလည်း အတူတူ ကျောင်းသွားလည်း အတူတူတောင် လုပ်နိုင်ကြပါ့မလား။ . ရက်ပိုင်းအတွင်း မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်နေ့ရက်တွေ ရောက်လာတော့မယ်။ ဘုရား ကျောင်းကန်တွေ သွားရောက်လှူဒါန်းပြီး ကုသိုလ်ရေးအတွက် ပူလောင်ကြရတယ်။ နောက်ကျပြီး ရောက်လာတာလား စောပြီး ရောက်လာတာလား ဝေခွဲရခက်တဲ့ ကလေးလူငယ်တွေအတွက် လောကကြီး အစား အားနာနေမိရပြန်တယ်။ တကယ်လို့များ တပြည့်တော်တို့ မလာရောက်နိုင်ခဲ့ရင် ဆရာတော် သံဃာတော်များကို ရည်စူးလက်စုံ မိုးပြီးသာ ကန်တော့ ထားလိုက်ပါတယ်။ စက်သုံးဆီလေးများ ရခဲ့ရင်တော့ သင်္ကြန်မိုးပြေးနဲ့ အတူ အရောက်လှမ်းနိုင်ဖို့ ကြိုတင်ကာ တောင်းဆု ပြုလိုက်ရပါကြောင်း။

No comments:

Post a Comment

Journal Download

Photo of three cats

Pages